ရှေ့သို့
Image

ပဲလေ့စ်နဲ့ ပွဲစဉ်မှာ မာဂယ်ဟေးစ်ကို အရန်ခုံပို့ထားတဲ့ ဆုံးဖြတ်ချက်အပေါ် ရှင်းပြလာတဲ့ အာတီတာ

1:08 PM, 22 August

ဒီနေ့မနက်ပိုင်း၊ ခရစ္စတယ်ပဲလေ့စ်ကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အားထားရတဲ့ နောက်ခံလူ မာဂယ်ဟေးစ်ကို အရန်ခုံပို့ထားတဲ့ဆုံးဖြတ်ချက်အပေါ် အာဆင်နယ်နည်းပြအာတီတာက ရှင်းပြလိုက်ပြီး ကစားသမားနဲ့ ပတ်သက်တဲ့ လတ်တလောအပြောင်းအရွှေ့ကောလာဟလတွေကိုလည်း တုံ့ပြန်လိုက်ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့သီတင်းပတ်၊ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရကာ အာတီတာက ဗဟိုနောက်ခံလူနေရာမှာ ဘန်ဝှိုက်၊ ညာနောက်ခံလူနေရာမှာ ပါတေးတို့ကို အသုံးပြုခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်ကို ခက်ခက်ခဲခဲအနိုင်ယူခဲ့ရပြီးနောက် ဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ် ရှိနေတဲ့ နောက်ခံလူတင်ဘားနဲ့အတူ ဒီနေ့မနက်ပိုင်း၊ ပဲလေ့စ်နဲ့ပွဲစဉ်မှာ မာဂယ်ဟေးစ် ပွဲထွက်လာမယ်လို့ ယူဆခဲ့ကြပေမယ့် ကစားသမားကို အရန်ခုံမှာသာ မြင်တွေ့ခဲ့ရပြီး တိုမီယာစုက ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန်နှောင်းပိုင်းမိနစ်တွေမှာ တိုမီယာစု နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရတာကြောင့် မာဂယ်ဟေးစ်က လူစားဝင်အဖြစ်ပါဝင်လာခဲ့ကာ အသင်းရဲ့ခံစစ်ပိုင်းကို အကောင်းဆုံးကူညီပေးခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့ ချိတ်ဆက်မှုကို ရရှိထားတဲ့ မာဂယ်ဟေးစ်ကို အခုနွေရာသီဈေးကွက်မှာ ရောင်းချတော့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် နည်းပြအာတီတာကတော့ အသက်-၂၅ နှစ်အရွယ်နောက်ခံလူဟာ အသင်းအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေဆဲပဲလို့ တုံ့ပြန်လိုက်ပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့ အလားအလာရှိတဲ့ ကမ်းလှမ်းမှုတွေကြောင့် ကစားသမားကို အရန်ခုံပို့ဖို့ ဆုံးဖြတ်ခဲ့သလားဆိုတဲ့ မေးခွန်းအပေါ် အာတီတာက “မဟုတ်ပါဘူး၊ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့ စီစဉ်ထားတဲ့အတိုင်း ပြုလုပ်ခဲ့တာပါ။ ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်နဲ့ ခံစစ်အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူက ရာသီအဖွင့်ပွဲစဉ်နှစ်ခုလုံးကို ပါဝင်ကစားခဲ့ပြီး မတူညီတဲ့အကြောင်းပြချက်တွေနဲ့အတူ အသင်းကို နှစ်ပွဲလုံးမှာ အနိုင်ရလဒ်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာလည်း သူ အရမ်းကောင်းပါတယ်။ လူစားဝင်ကစားလာချိန်မှာပဲ ဂိုးဧရိယာတဝိုက်ကို လွှမ်းမိုးထားနိုင်ခဲ့ပြီး အသင်းနဲ့အတူ ပွဲတွေလည်း အများကြီးကစားဦးမှာပါ။ ဒါပေမယ့် တခါတလေမှာ ဆုံးဖြတ်ချက်က ဒါမျိုးတွေ ဖြစ်တက်ပါတယ်”လို့ ပြောပါတယ်။

မာဂယ်လ်ဟေးစ်က ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မတိုင်ခင်အထိ ပရီးမီးယားလိဂ် ၇၃ ပွဲဆက်တိုက် ပွဲထွက်ကစားခဲ့တာကြောင့် ယခုလိုရုတ်တရက် အရန်ခုံထိုင်နေရတဲ့အပေါ်ကို ပရိသတ်တွေက သံသယတွေရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ခံလူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ပွဲလုံး ပွဲထွက်ပါဝင်ခဲ့တဲ့ တစ်ဦးတည်းသောကစားသမားလည်းဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်း၊ ပဲလေ့စ်ကို အနိုင်ရရှိတဲ့ ပွဲစဉ်အပြီး Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် အာတီတာက "ဒီလိုအနိုင်ရရှိတာ သဘောကျပါတယ်။ ပထမပိုင်းမှာ ပြိုင်ဘက်ကို ထိုးဖောက်ဖို့ ခက်ခဲခဲ့ပေမယ့် ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ဂိုးလည်းမပေးခဲ့ရပါဘူး။ ဂိုးသွင်းယူပြီးနောက်မှာလည်း နေရာလွတ်တွေ ပိုရရှိလာပေမယ့် ကျွန်တော်တို့တွေ ကစားသမား ၁၀ ဦးတည်းနဲ့ ဆက်ကစားခဲ့ရပါတယ်။ ကစားသမား ၁၀ ဦးတည်းနဲ့တောင် ဂိုးမပေးခဲ့ရပါဘူး။ ဒါကြောင့် ပွဲအပေါ် ကစားသမားတွေ တုံ့ပြန်တဲ့နည်းလမ်းနဲ့ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ အနိုင်ရရှိချင်တယ်ဆိုတာ သေချာပါတယ်။ ခရစ္စတယ်ပဲလေ့စ်က ဘယ်လိုအသင်းမျိုးလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ကစားပုံနဲ့အတူ ပွဲရဲ့အရှိန်အဟုန်အပေါ် ပြောင်းလဲပစ်လိုက်တာက တကယ့်ကိုအံ့သြလောက်စရာပါ"လို့ ပြောပါတယ်။

#အာတီတာ #အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #မာဂယ်ဟေးစ် #ပရီးမီးယားလိဂ်