ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် ခဏတာရပ်တည်ခဲ့ရမှုအပေါ် ရယ်ရွှင်ဖွယ်တုံ့ပြန်လာတဲ့ ဒီကလန်ရိုက်စ်
9:17 AM, 22 August
အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့အစောပိုင်းကာလမှာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် သီတင်းပတ်အနည်းငယ်အကြာ ရပ်တည်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးရဲ့စိတ်ဝင်စားမှုတွေ ရရှိထားချိန်မှာပဲ အသက်-၂၄ နှစ်အရွယ်ကစားသမားက ဝက်စ်ဟမ်းမှ ဂန်းနားတို့ဆီ ပြောင်းရွှေ့ကြေးပေါင် ၁၀၅ သန်းဖြင့် ရောက်ရှိလာခဲ့တာပါ။ အာဆင်နယ်က ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းကပင် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းခဲ့ဖူးပြီး နည်းပြ အာတီတာက သူ့ကို အခုနွေရာသီ အပြောင်းအရွှေ့ကာလအတွက် ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီနောက်မှာတော့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်းက မနေ့ညပိုင်း၊ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အကောင်းဆုံး ခြေစွမ်းပြသကာ သူ့ရဲ့တန်ဖိုးကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်ကွင်းလယ်လူဆီမှာ မရှိတော့တဲ့ ဂုဏ်ပုဒ်တစ်ခုကတော့ အင်္ဂလန်ဘောလုံးလောကရဲ့ ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားဆိုတဲ့အရာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ချဲလ်ဆီးက ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို ပေါင် ၁၁၅ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ်တွေက အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေအတွက် ပြောင်းရွှေ့ကြေးအမြောက်အများတောင်းခံလေ့ရှိတဲ့ စံနမူနာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုလို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ်ကို လွှဲပြောင်းပေးခဲ့ရမှုအပေါ် Sky Sports သတင်းဌာနမှ မေးမြန်းလာချိန် ရိုက်စ်က တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်လာခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး ဒီကလန်ရိုက်စ်က “ကျွန်တော်ကတော့ ဒီစာရင်းရဲ့ထိပ်ဆုံးနေရာမှာ နှစ်ပတ်လောက်ရှိခဲ့တာပေါ့။ အခုတော့ အောက်ကို ပြန်ဆင်းသွားပါပြီ”လို့ အရွှမ်းဖောက်ခဲ့ပါတယ်။
လက်ရှိအာဆင်နယ်ကစားသမားဘဝနဲ့ ပတ်သက်လို့ သူက “ဒီညပွဲစဉ်မတိုင်ခင် ကျွန်တော်ဟာ ပွဲထွက်ခွင့်ရချင်ပြီး ခြေစွမ်းပြသနိုင်ဖို့ ကြိုးစားချင်ခဲ့ပါတယ်။ ကျွန်တော် တကယ်ပဲ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ နှစ်ပွဲလောက်သာ ကစားရသေးချိန် အာဆင်နယ်ကစားသမားဖြစ်နေတဲ့ ကျွန်တော်နဲ့ ပေးလိုက်ရတဲ့ပြောင်းရွှေ့ကြေး အကြောင်းကို ဆွေးနွေးမှုတွေ အများကြီးရှိနေခဲ့တာ သိသာပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီလူတွေ မှားယွင်းတယ်ဆိုတာနဲ့ ထိပ်ဆုံးအဆင့်မှာ ကစားနိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြချင်ခဲ့ပါတယ်။ ပြီးတော့ ထိပ်တန်း ကစားသမားတွေလိုမျိုး ဆက်ပြီး ကစားချင်ပါသေးတယ်”လို့ ပြောပါတယ်။