ရှေ့သို့
Image

ပေါင် ၁၇၂ သန်းတန်ဖိုးရှိ ကမ္ဘာ့ဇိမ်ခံဘိုးရင်း 747 ဖြင့် ဆော်ဒီနိုင်ငံသို့ သွားရောက်ခဲ့တဲ့ နေမာ

3:55 PM, 20 August

နေမာသည် ဆော်ဒီပရိုလိဂ်ကလပ် အယ်ဟီလယ်သို့ ပေါင် ၈၆.၃ သန်းဖြင့် ပြောင်းရွှေ့ခြင်းမပြုမီ ကမ္ဘာ့ဇိမ်ခံဘိုးရင်း 747-400 ဖြင့် ပဲရစ်မှ ရီယာ့ဒ် သို့ ထွက်ခွာခဲ့ကြောင်းသိရပါတယ်။


အသက် ၃၁ နှစ်အရွယ်ကစားသမားသည် တစ်ပတ်လျှင် ပေါင် ၂.၅ သန်းဖြင့် နှစ်နှစ်စာချုပ်ချုပ်ဆိုပြီးနောက် စနေနေ့တွင် ကင်းဖာဒ် အင်နာနေရှင်နယ်ကွင်း၌ အယ်ဟီလယ်ကစားသမားအဖြစ် မိတ်ဆက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။


ဘာစီလိုနာနှင့် ပီအက်စ်ဂျီကစားသမားဟောင်းဟာ ဆော်ဒီသို့ မပြောင်းရွှေ့မီ မယုံနိုင်လောက်စရာ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း စပိန်သတင်းစာ တစ်ခုက ဖော်ပြခဲ့ပါတယ်။


နေမာသည် အခန်း ၂၅ ခန်းပါ အိမ်ကြီးတစ်လုံး၊ ချွေးထုတ်ခန်း နှင့် ရေကူးကန်၊ အိမ်သန့်ရှင်းရေးအတွက် အလုပ်သမား ရှစ်ဦး၊ ကားကိုးစီးနှင့် ခရီးသွားလာမှု၊ စားသောက်ဆိုင်နှင့် ဟိုတယ်များအတွက် ပေးဆောင်ရမည့်စရိတ်အားလုံးကို တောင်းဆိုခဲ့သည်ဟု သိရပါတယ်။


အဆိုပါ စည်းမျဥ်းများ သဘောတူညီခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဘရာဇီးလ် လက်ရွေးစင်သည် ပါရီမှ ဆော်ဒီ၏ မြို့တော် ရီယာ့ဒ်သို့ မင်းသား အယ်ဝါလိဘင်တလယ်၏ ဘိုးရင်း 747-400 ဖြင့် သွားရောက်ခဲ့ကြောင်းသိရပါတယ်။


ဒေါ်လာ သန်း ၂၂၀ တန်ကြေးရှိသည့် အဆိုပါ လေယာဉ်သည် မူလက ခရီးသည် ၄၀၀ ဆံ့ခဲ့သော်လည်း နောက်ပိုင်းတွင် လူ ၁၄ ဦးအတွက် ထမင်းစားခန်း၊ အိပ်ခန်းများစွာနှင့် ရွှေရောင်ပလ္လင် အပါအဝင် ဇိမ်ခံပစ္စည်းများဖြင့် အစားထိုးပြုပြင်မှုများပြုလုပ်ခဲ့သည်ဟု ဆိုပါတယ်။


ယခုသီတင်းပတ်အစောပိုင်းတွင် နေမာသည် ၎င်း၏ အယ်ဟီလယ်သို့ ငွေကြေးအမြောက်အမြားဖြင့် ပြောင်းရွှေ့ရခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


"ကျွန်တော်ဥရောပမှာအများကြီးအောင်မြင်ခဲ့ပြီး အဲဒီလိုအချိန်ကောင်းတွေမှာ ပျော်မွေ့ခဲ့တယ်၊ ဒါပေမယ့်ကျွန်တော်အမြဲတမ်း ကမ္ဘာအဆင့် ကစားသမားဖြစ်ချင်ပြီး နေရာအသစ်တွေမှာစိန်ခေါ်မှုအသစ်တွေရရှိမယ့် အခွင့်အလမ်းတွေရဖို့ ကိုယ့်ကိုကိုယ်စမ်းသပ်ခဲ့တယ်။


ကျွန်တော် အားကစားသမိုင်းသစ်ကို ရေးချင်ပါတယ်၊ ဆော်ဒီ ပရိုလိဂ်မှာ ကြီးမားတဲ့ စွမ်းအင်နဲ့ အရည်အသွေးရှိတဲ့ ကစားသမားတွေ လောလောဆယ်မှာ ရှိပါတယ်။


ကျွန်တော် တော်တော်များများကြားသိခဲ့ရပြီး ဆော်ဒီအာရေးဗီးယားမှာ နှစ်တွေကြာကစားခဲ့တဲ့ ဘရာဇီးလ်ကစားသမားစာရင်းကို လိုက်ကြည့်ပြီးဖြစ်တာကြောင့် ကျွန်တော်လိုချင်တဲ့နေရာဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။


အယ်ဟီလယ် ဟာ ကောင်းမွန်တဲ့ ပရိသတ်တွေရှိတဲ့ ဧရာမကလပ်ဖြစ်ပြီး အာရှမှာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါက မှန်ကန်တဲ့ကလပ်အသင်းနဲ့ သင့်တော်တဲ့အချိန်တွေမှာ ကျွန်တော့်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ခံစားရစေတယ်။


အနိုင်ရဖို့ ဂိုးတွေသွင်းရတာကို နှစ်သက်ပြီး ဆော်ဒီအာရေးဗီးယားနဲ့ အယ်ဟီလယ်တို့နဲ့အတူ အောင်မြင်မှုတွေဆက်လက်ရရှိအောင်လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။”လို့ နေမာက ပြောကြားခဲ့ပါတယ်။


ပီအက်စ်ဂျီဥက္ကဌ အယ်ခါလစ်ဖီ ကလည်း ဘရာဇီးသား ပီအက်စ်ဂျီ မှ ထွက်ခွာသွားခြင်းအပေါ် “ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ နေမာလို ထူးခြားတဲ့ကစားသမားတစ်ယောက်ကို နှုတ်ဆက်ဖို့ အမြဲတမ်းခက်ခဲပါတယ်။ သူ ပီအက်စ်ဂျီကို ရောက်တဲ့နေ့နဲ့ ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်း ကလပ်အတွက် သူစွမ်းဆောင်လာခဲ့တာတွေကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။


ကျွန်တော်တို့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ပြီး နေမာ ဟာ ကျွန်တော်တို့ သမိုင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲရှိနေမှာပါ။ နေမာနဲ့ သူ့မိသားစုကို ကျေးဇူးတင်ချင်ပါတယ်။ သူ့ရဲ့ အနာဂတ်နဲ့ နောက်ထပ်စွန့်စားမှုတွေအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။"လို့ ပြောကြားခဲ့ပါတယ်။

#နေမာ #ဆော်ဒီ အယ်ဟီလယ်