ရှေ့သို့
Image

ဘဝစာမျက်နာအသစ်စချင်လို့ ဆော်ဒီမြေကို ခရီးဆက်ခဲ့တာဖြစ်ကြောင်း ရင်ဖွင့်လာတဲ့ နေမာ

2:03 PM, 20 August

ဥရောပ ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ စူပါစတား ဘောလုံးသမားတွေကို ခေါ်ယူထားတဲ့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက ရွှေဘောလုံးဆုရှင် ရော်နယ်ဒို၊ ဘန်ဇီးမားတို့ ကို မြင့်မားတဲ့ လုပ်ခနှုန်းထားပမာဏဖြင့် ခေါ်ယူအပြီးမှာ ပီအက်စ်ဂျီစတား နေမာကိုပါ ခေါ်ယူထားခဲ့ပြီး ဆော်ဒီမြေမှာ အခြေချ ကစားခွင့်ရတော့မယ်အပေါ် နေမာက ရင်ဖွင့်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဘရာဇီးစတားအနေဖြင့် ပဲရစ်အခြေစိုက်ကလပ်တွင် ၂၀၂၇ခုနှစ်အထိ စာချူပ် သက်တမ်းကျန်နေသေးတာ ဖြစ်ပေမဲ့ ရှေ့လာမယ့်နှစ် ရာသီကြို အပြောင်းအရွှေ့ ကာလအတွင်းမှာ ပီအက်စ်ဂျီအသင်းဘက်မှ လက်ခံနိုင်မယ့် ကမ်းလှမ်းမှုမပြုလုပ်ခဲ့တာကြောင့် ဆော်ဒီကလပ် အယ်ဟီလယ်အသင်းကို တစ်နှစ်လုပ်ခ ပေါင် သန်း ၁၅၀ ဖြင့် ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

အာရှအခြေစိုက် ဆော်ဒီပရိလိဂ်ကလပ်တွေအနေဖြင့် ဥရောပ ပုံရိပ်မြင့်ထိတန်းကစားသမားတွေကို ပစ်မှတ်ထားလာနေပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒို ကို တစ်နှစ်လုပ်ခ ယူရို သန်း ၂၀၀ဖြင့် ခေါ်ယူထားခဲ့သလို ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီအတွက် ရွှေဘောလုံးဆုရှင် ပြင်သစ်ဝါရင့်တိုက်စစ်မှုး ဘန်ဇီးမားကိုပါ တစ်နှစ်လုပ်ခ ယူရို သန်း ၁၀၀ဖြင့် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဥရောပဘောလုံးရပ်ဝန်းကနေ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့လာဖြစ်တာနဲ့ ပက်သက်လို့ ဘရာဇီးကြယ်ပွင့် နေမာ က

“အယ်ဟီလယ်ကို ပြောင်းခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်က ဘဝစာမျက်နာသစ်တစ်ခု ဖွင့်ချင်တော့တာပါ။ ဆော်ဒီဘောလုံးလောက ကလည်း တစ်နေ့တစ်ခြားကို တိုးတက်လာနေတာပါ။ ဒါကြောင့် ရွေးချယ်မှု မှန်ကန်တယ်လို့ ထင်ပါတယ်”

“အယ်ဟီလယ်အသင်းဆိုတာက နှစ်လိုဖွယ်ရာ ပရိတ်သတ်တွေနဲ့ အာရှရဲ့ အကောင်းဆုံး ကလပ်အသင်းလို့ဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်က ဆုဖလားတွေ သိမ်းပိုက်ရတာတို့၊ သွင်းဂိုးတွေ သွင်းယူရတာတွေမှာ သိပ်ကြိုက်တဲ့ကောင်ပါ။ ဒီလိုပုံစံမျိုးတွေနဲ့ပဲ အယ်ဟီလယ်ကို ကူညီပေးသွားမှာပါ” လို့ ရင်ဖွင့်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ 

#နေမာ #ဆော်ဒီ #အယ်လ်ဟီလာ