ရှေ့သို့
Image

အာနိုးလ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြောလာတဲ့ လီဗာပူးနည်းပြယာဂန်ကလော့ပ်

8:50 AM, 20 August

မနေ့ညပိုင်း၊ ဘုန်းမောက်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ အာနိုးလ်ရဲ့အခြေအနေကို ပြင်းပြင်းထန်ထန်မဖြစ်သွားစေဖို့ လီဗာပူးနည်းပြယာဂန်ကလော့ပ် မျှော်လင့်နေပါတယ်။

အခုဘောလုံးရာသီ ပထမဆုံးလိဂ်နိုင်ပွဲကို ရှာဖွေနိုင်ခဲ့တဲ့ ပွဲစဉ်မှာ အာနိုးလ်က ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အတွင်းမှာပဲ လူစားလဲလှယ်ခံခဲ့ရပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာ ညာအစွန်နောက်ခံလူနေရာအတွက် ဂျိုဂိုးမက်ဇ် ဝင်ရောက်လာပြီး ချက်ချင်းဆိုသလိုပဲ အသင်းရဲ့အရန်ခုံတန်းမှာ ဆရာဝန်တွေက အာနိုးလ်ကို ကုသပေးခဲ့ပါတယ်။

အန်ဖီးလ်ကွင်းမှာ ရမှတ်အပြည့် ရယူနိုင်ခဲ့ပေမယ့် လီဗာပူးပရိသတ်တွေကတော့ လာမယ့်သီတင်းပတ်ကုန်၊ နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် အာနိုးလ်ရဲ့ဒဏ်ရာပြဿနာ ပေါ်ပေါက်လာမှုအပေါ် စိုးရိမ်မကင်း ဖြစ်နေပါတယ်။

ပွဲအပြီးမှာတော့ အသက်-၂၄ နှစ်အရွယ်ကစားသမားရဲ့ ဘယ်ခြေကျင်းဝတ်မှာ ရေခဲကပ်ထားရတာကို မြင်တွေ့ခဲ့ရပါတယ်။

အာနိုးလ်ရဲ့အခြေအနေ အဆင်ပြေရဲ့လားလို့ မေးမြန်းလာမှုအပေါ် ကလော့ပ်က “ကျွန်တော်လည်း အဲ့ဒီအတိုင်းပဲ မျှော်လင့်မိပါတယ်။

တစ်ချက်တော့ အကန်ခံခဲ့ရတယ်လို့ သူ ကျွန်တော့်ကို ပြောပြပါတယ်။ ဒါက အတော်လေးနာကျင်စေမှာဖြစ်သလို အာနိုးလ်လည်း အဲ့ဒီအတိုင်း ခံစားခဲ့ရပါတယ်။ ဒီဒဏ်ရာက အဆစ်လွဲတာလား၊ ဘာလားဆိုတာ ဆိုတာ သေသေချာချာမသိရသေးပါဘူး။ ဒါက ကန်ချက်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ကျွန်တော်တို့ အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် အာနိုးလ် အဆင်ပြေလိမ့်မယ်လို့ပဲ ကျွန်တော် မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

အသင်းအတွက်သာမက ပြောင်းလဲထားတဲ့လတ်တလောကစားကွက်အရပါ အာနိုးလ်ဒဏ်ရာရရှိမှုဟာ အန်ဖီးလ်ကလပ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

အန်ဒို သို့မဟုတ် ဆီမီးကတ်စ်တို့လို ကစားသမားတွေ အာနိုးလ်ရဲ့နေရာမှာ အစားထိုးပါဝင်နိုင်ပေမယ့် သူတို့နှစ်ဦးလုံးဟာ ဒီနေရာမှာ ကစားဖို့ လေ့ကျင့်ပြင်ဆင်ထားတဲ့ ကစားသမားတွေ မဟုတ်ပါဘူး။

ကံကောင်းထောက်မစွာနဲ့ပဲ ဘုန်းမောက်ကို အနိုင်ရရှိတဲ့ပွဲစဉ်နဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် ပွဲစဉ်အကြား ခြောက်ရက်တာကာလတစ်ခု ရှိနေသေးလို့ အာနိုးလ်ရဲ့ဒဏ်ရာ အချိန်မီပြန်လည်သက်သာလာမယ်လို့ မျှော်လင့်ရပါတယ်။

#လီဗာပူး #ကလော့ပ် #အာနိုးလ် #ပရီးမီးယားလိဂ်