ရှေ့သို့
Image

အီတလီလက်ရွေးစင်အသင်းနည်းပြသစ် အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ နာပိုလီနည်းပြဟောင်း စပယ်လက်တီ

12:24 PM, 19 August

အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က လက်ရွေးစင်အသင်းနည်းပြရာထူးမှ နုတ်ထွက်သွားတဲ့ မန်စီနီရဲ့နေရာမှာ  နာပိုလီနည်းပြဟောင်း စပယ်လက်တီကို အစားထိုးခန့်အပ်လိုက်ပါတယ်။

နာပိုလီအတွက် ၃၃ နှစ်အတွင်း ပထမဆုံးအကြိမ်စကူဒက်တိုချန်ပီယံဆုကို ရယူပေးခဲ့တဲ့ အသက်-၆၄ နှစ်အရွယ် နည်းပြက အခုနွေရာသီမှာပဲ နေပယ်လ်မြို့အခြေစိုက်ကလပ်နဲ့ လမ်းခွဲခဲ့ပါတယ်။ သူက တစ်နှစ်လောက် အနားယူဖို့ စဉ်းစားခဲ့သေးပေမယ့် လက်ရှိမှာတော့ ဘောလုံးလောကဆီ ပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်မှာ မန်စီးတီးနည်းပြဟောင်းမန်စီနီက အီတလီလက်ရွေးစင် အသင်းနည်းပြ ရာထူးမှ နုတ်ထွက်ခဲ့တာပါ။ သူက အီတလီလက်ရွေးစင်အသင်းကို ယူရို-၂၀၂၀ ချန်ပီယံဆုကြီး ဆွတ်ခူးနိုင်အောင် လမ်းပြပေးခဲ့ပါတယ်။ ဒါပေမယ့် မန်စီနီကိုင်တွယ်တဲ့ အီတလီအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။ FIGC ကတော့ စပယ်လက်တီဟာ စက်တင်ဘာ ၁ ရက်မှာ စတင်တာဝန်ထမ်းဆောင်မယ်လို့  ထုတ်ပြန်ပါတယ်။

FIGC ဥက္ကဋ္ဌ ဂရာဗီနာက "ကျွန်တော်တို့လက်ရွေးစင်အသင်းက ထိပ်တန်းနည်းပြတစ်ဦး လိုအပ်နေပြီး စပယ်လက်တီကလည်း ဒီရာထူးကို လက်ခံပေးခဲ့လို့ ကျွန်တော် အရမ်းပျော်ရွှင်ရပါတယ်။ သူ့ရဲ့စိတ်အားထက်သန်မှုတွေနဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေက လာမယ့်လတွေအတွင်း အီတလီအသင်းရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် အဓိကကျတဲ့အချက် ဖြစ်လာပါလိမ့်မယ်"လို့ ပြောပါတယ်။

စပယ်လက်တီက ရိုးမား၊ အင်တာမီလန်နဲ့ ရုရှားကလပ်ဇင်းနစ်တို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။

#စီးရီးအေ #နာပိုလီ #စပယ်လက်တီ #မန်စီနီ