ရှေ့သို့
Image

ကာဇိုလာ ငယ်ဘဝကလပ်ဆီ လိဂ်လုပ်ခလစာအနည်းဆုံးနှုန်းထားဖြင့် ပြောင်းရွှေ့လာတဲ့ ဂန်းနားဂန္တဝင်ကာဇိုလာ

1:15 PM, 17 August

ဆန်တီကာဇိုလာက ဘောလုံးကမ္ဘာမှာ အထင်ရှားဆုံးလူသားတွေအနက် တစ်ဦးအဖြစ် သူ့ရဲ့ဂုဏ်သိက္ခာကို တည်ဆောက်ဖို့အတွက် ငယ်ဘဝကလပ်အသင်းဆီ လိဂ်လုပ်ခလစာအနည်းဆုံးနှုန်းထားဖြင့် ပြောင်းရွှေ့လာခဲ့ပါတယ်။

ဗီလာရီးရဲလ်အသင်းဆီမပြောင်းရွှေ့ခင် ၁၉၉၆ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း လူငယ်ကစားသမားဘ၀ ဖြတ်သန်းခဲ့ရာ ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်အိုဗီဒိုနဲ့ အသက်-၃၈ နှစ်အရွယ်ဝါရင့်ကွင်းလယ်လူက တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ အံ့ဖွယ်ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှာ ကာဇိုလာက အာဆင်နယ်၊ မာလာဂါတို့အတွက် ကစားပေးခဲ့သလို စပိန်အသင်းနဲ့လည်း ယူရိုချန်ပီယံဆု နှစ်ကြိမ်တိုင် ရရှိခဲ့ပါတယ်။

လက်ရှိမှာ ကစားသမားဘဝအဆုံးသတ်ဖို့ နီးစပ်လာနေတဲ့ ကာဇိုလာက အခုဘောလုံးရာသီအတွက် ရီးရဲလ်အိုဗီဒိုဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သလို နည်းပါးတဲ့လုပ်ခလစာပမာဏကိုလည်း လက်ခံသွားဖို့ ရှိနေပါတယ်။

စပိန်အခြေစိုက် AS သတင်းဌာနရဲ့အဆိုအရ ပြီးခဲ့တဲ့နှစ်၊ ဆီဂန်ဒါပြိုင်ပွဲရဲ့အနိမ့်ဆုံးလုပ်ခလစာမှာ တစ်နှစ် ယူရို ၇၇,၅၀၀ (ပေါင် ၆၆,၂၀၀) လို့ သိရပါတယ်။ ဒါ့အပြင် ဝါရင့်ကွင်းလယ်လူက သူ့ရဲ့ပုံရိပ်အသုံးပြုခအခွင့်အရေးတွေကိုလည်း စွန့်လွှတ်ခဲ့သလို သူ့ရဲ့ဂျာစီရောင်းချမှုမှရရှိလာတဲ့ငွေကြေးတွေအနက် ဆယ်ရာခိုင်နှုန်းကို အသင်းရဲ့အကယ်ဒမီဆီ ထောက်ပံ့ပေးသွားဖို့ တောင်းဆိုခဲ့ပါတယ်။

ဆီဂန်ဒါကလပ်ရဲ့ထုတ်ပြန်ချက်မှာ “ရီးရဲလ်အိုဗီဒိုပရိသတ်တွေ မျှော်လင့်နေတဲ့ ကစားသမားသစ်ကတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပါပြီ။ စပိန်ဒုတိယတန်းပြိုင်ပွဲအတွက် လာလီဂါမှ သတ်မှတ်ပေးထားတဲ့ အနည်းဆုံး လုပ်ခလစာနှုန်းထားကိုရယူကာ အသင်းနဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားက သူ့ရဲ့ပုံရိပ်အသုံးပြုခအခွင့်အရေးတွေကို စွန့်လွှတ်ခဲ့သလို သူ့အမည်ပါရှိတဲ့ ဂျာစီရောင်းချမှုတွေမှ ရရှိလာတဲ့ငွေကြေးတွေရဲ့ ဆယ်ရာခိုင်နှုန်းကို အသင်းရဲ့အကယ်ဒမီမှာ ရင်းနှီးမြှုပ်နှံသွားဖို့ တောင်းဆိုခဲ့ပါတယ်။ ကာဇိုလာကတော့ တရားဝင်မိတ်ဆက်ခြင်းမပြုလုပ်ခင်အထိ တစုံတရာထုတ်ပြန်ပြောကြားသွားဖို့ မရှိသေးပါဘူး”လို့ ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်အိုဗီဒိုက ပြီးခဲ့တဲ့စနေနေ့၊ တီနာရိုက်ဖ်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှ စတင်ကာ အသင်းရဲ့ဆီဂန်ဒါ ဘောလုံးရာသီကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

#ကာဇိုလာ #အပြောင်းအရွှေ့