ရှေ့သို့
Image

အယ်လ်ဟီလယ်ကို ပြောင်းရွှေ့ဖို့ အလားအလာရှိနေတဲ့ မီထရိုဗစ်နေရာမှာ အစားထိုးရန် ဘာလိုဂန်ကို ပစ်မှတ်ထားနေတဲ့ ဖူလ်ဟမ်

12:42 PM, 17 August

ဖူလ်ဟမ်အသင်းဟာ အသင်းကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ကို ပြောင်းရွှေ့ဖို့ အလားအလာရှိနေတဲ့ တိုက်စစ်မှူး မီထရိုဗစ်နေရာမှာ အစားထိုးဖို့အတွက် အာဆင်နယ် တိုက်စစ်မှူး ဖိုလာရင်ဘာလိုဂန်ကို ပေါင်သန်း ၅၀ နဲ့ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်နောက်ခံလူအဲရစ်ဘိုင်လီ နဲ့ ဘင်ဖီကာ နောက်ခံလူ မိုရာတိုတို့ကိုလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတာကြောင့် စုံစမ်းမှုတွေပြုလုပ်နေတယ်လို့သိရှိရပါတယ်။

အသက်-၂၂ အရွယ်လူငယ်တိုက်စစ်မှူး ဘာလိုဂန်ဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်ကလပ် ရိမ်းစ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် အထင်ကြီးလောက်စရာခြေစွမ်းကို ပိုင်ဆိုင်ထားသူဖြစ်ပေမယ့် ယခုနွေရာသီမှာတော့ အာဆင်နယ်မှအပြီးအပိုင်ထွက်ခွာဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။

ဖူလ်ဟမ်ရဲ့နောက်ထပ်ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ အသက်-၂၂ နှစ်အရွယ် ဗဟိုခံစစ်ကားသမား မိုရာတိုကလည်း ဘင်ဖီကာအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ဘင်ဖီကာစီနီယာအသင်းအတွက် ၅၁ ပွဲအထိ ပွဲထွက် ပါဝင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဖူလ်ဟမ်ဟာ မိုရာတိုကိုခေါ်ယူရန် ပေါင် ၁၈ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး ဘင်ဖီကာက ပယ်ချခဲ့ပေမယ့် ကစားသမားက အသင်းမှထွက်ခွာလိုကြောင်း အသိပေးထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပြင်သစ်ကလပ် မာဆေးလ်မှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ယူနိုက်တက်နောက်ခံလူ အဲရစ်ဘိုင်လီကလည်း ယခုနွေရာသီမှာ အသင်းမှထွက်ခွာဖို့ အလားအလာရှိနေတာကြောင့် ဖူလ်ဟမ်အသင်းက ကစားသမားကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ ဖူလ်ဟမ်အသင်းဟာ ရာအူးလ်ဂျင်မီနက်ဇ်၊ ကယ်လ်ဗင်ဘက်ဆေးနဲ့ အဒါမာထရာအိုရေးတို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ယခုရာသီရဲ့ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းကို အဝေးကွင်းမှာ ၀-၁ နဲ့ အနိုင်ရရှိပြီး အဖွင့်လှခဲ့တဲ့ ဖူလ်ဟမ်အသင်းဟာ ဒုတိယပွဲစဉ်အဖြစ် လာမယ့်စနေနေ့မှာ  ဘရန်းဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#အာဆင်နယ် #အပြောင်းအရွှေ့ #မီထရိုဗစ် #ဖူလ်ဟမ် #ဘာလိုဂန်