အာဆင်နယ်ဂိုးသမားသစ် ရာယာရဲ့ အဘိုးဖြစ်သူကို မျက်ရည်ကျမတတ်ဖြစ်စေခဲ့တဲ့ အာတီတာ
4:38 PM, 16 August
အာဆင်နယ်အသင်းရဲ့ ဂိုးသမားသစ် ရာယာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဘရန့်ဖို့ဒ်မှရောက်ရှိလာခဲ့ပြီးနောက် ၎င်းရဲ့အဘိုးဖြစ်သူက အာဆင်နယ်အသင်းရဲ့ နည်းပြအာတီတာနဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကစားသမားကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူရန်ပြောင်းရွှေ့ကြေး ပေါင် ၃ သန်းပေးချေခဲ့ရပြီး လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရရှိထားတာဖြစ်ပါတယ်။
ကလပ်အသင်းနဲ့ စတင်ပူးပေါင်းတဲ့နေ့မှာ ရာယာနဲ့အတူ ၎င်းရဲ့အဘိုးဖြစ်သူပါ လိုက်ပါလာခဲ့ပြီး အာဆင်နယ်နည်းပြ အာတီတာနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ထို့နောက် အာတီတာက အဘိုးဖြစ်သူရဲ့နာမည်ပါဝင်တဲ့ အာဆင်နယ်အင်္ကျီကို ပေးအပ်ခဲ့ရာ ၎င်းက "ဒါ ကျွန်တော့်ရဲ့အကြီးမားဆုံးအိပ်မက်ပဲ"လို့ ပြောဆိုပြီး မျက်ရည်ကျလုမတတ်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ အာတီတာကလည်း "ပျော်ရွှင်ပါစေ" လို့ပြန်လည်ပြောကြားခဲ့ပြီးနောက် အာဆင်နယ် အားကစားဒါရိုက်တာ ဂတ်စ်ပါနဲ့အပါအဝင် သုံးယောက်သား အတူတူတွဲပြီးဓာတ်ပုံရိုက်ခဲ့ကြတာဖြစ်ပါတယ်။
အာဆင်နယ်ရဲ့တရားဝင် ကစားသမားအဖြစ် ပထမဆုံးအကြိမ်အင်တာဗျူးမှာ ရာယာက"ကျွန်တော့်ရဲ့ကစားသမားဘဝ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့ ဒီစိန်ခေါ်မှုကို အကောင်းဆုံးရင်ဆိုင်သွားမှာပါ။ ဒီအသင်းနဲ့အတူ ဖြတ်သန်းရမှာတွေနဲ့ ရာသီကုန်မှာ ဘာတွေကြုံတွေ့ရဦးမလဲဆိုတာ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ နည်းပြနဲ့စကားပြောခဲ့တုန်းက သူကကျွန်တော့်ကို အာဆင်နယ်ရဲ့တန်ဖိုးတွေကို ပြောပြခဲ့ပါတယ်။ အခုအချိန်မှာကလပ်ဟာ အရှိန်အဟုန်မြင့်မြင့်နဲ့ ကြီးထွားနေပြီး လှပတဲ့စိန်ခေါ်မှုတွေလည်းရှိနေတော့ ကျွန်တော့်အနေနဲ့ ဒီစိန်ခေါ်မှုကို ဘယ်လိုမှမငြင်းနိုင်ပါဘူး"လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာ ဂတ်စ်ပါက "ဒေးဗစ်ရာယာကို ကြိုဆိုပါတယ်။ သူက ထိပ်တန်းဂိုးသမားတစ်ဦးပါ။ ဘရန်းဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ တစိုက်မတ်မတ်စွမ်းဆောင်ရည်တွေ ပြသထားတာ မြင်တွေ့ခဲ့ရပါတယ်။ ဒေးဗစ်ရောက်ရှိလာခြင်းက ကျွန်တော်တို့အသင်းရဲ့ အရည်အသွေးတိုးတက်စေပြီး ပြိုင်ပွဲတိုင်းကို တတ်နိုင်သလောက်အမြင့်အဆင့်အတန်းနဲ့ ယှဉ်ပြိုင်နိုင်တော့မှာဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ရာယာဟာ အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၂၂ ကို ဝတ်ဆင်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ ရာသီအဖွင့်ပဲမှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒုတိယပွဲစဉ်အဖြစ် လာမယ့်တနင်္လာနေ့မှာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။