ရှေ့သို့
Image

လာဗီယာကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် နောက်ထပ်ကစားသမား ၃ ဦးကို ထပ်မံခေါ်ယူဖို့ ကြံစည်နေတဲ့ ချဲလ်ဆီး

2:45 PM, 16 August

မကြာသေးမီက ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ယခုအခါ ဆောက်သမ်သန် ကွင်းလယ်လူ လာဗီယာကို ပေါင် ၅၈ သန်းနဲ့ ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် နောက်ထပ်ကစားသမား ၃ ဦးကိုထပ်မံခေါ်ယူဖို့ကြံစည်နေတယ်လို့ သိရှိရပါတယ်။

ပိုချက်တီနိုရဲ့ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ တန်ကြေးကြီး ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း အသုံးစရိတ်မှာနှေးကွေးသွားခြင်းမရှိဘဲ ဆက်လက်တိုးတက်နေတာဖြစ်ပါတယ်။ FFP စည်းကမ်းချက်တွေကြောင့် စိုးရိမ်စရာရှိသော်လည်း ချဲလ်ဆီးအသင်းဟာ ‌နောက်ထပ်ကစားသမား ၃ ဦးကို ပစ်မှတ်ထားနေဆဲဖြစ်တယ်လို့ သတင်းများထွက်ပေါ်နေတာဖြစ်ပါတယ်။

The Athletic ရဲ့အဆိုအရ ချဲလ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်သို့အငှားနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ ဂိုးသမားကီပါနေမှာ အစားထိုးရန် ဂိုးသမားသစ်တစ်ဦးရှာဖွေနေတဲ့အပြင် နောက်ထက် တိုက်စစ်ကစားသမားနှစ်ဦးကိုလည်း ခေါ်ယူဖို့ကြိုးစားနေတယ်လို့သိရှိရပါတယ်။ အင်္ကျီစပွန်ဆာမရှိတာကြောင့် ဘဏ္ဍာရေးအခြေအနေ ထိခိုက်နိုင်ချေရှိတဲ့အပြင် ဥရောပဝင်ခွင့်နဲ့လွဲချော်ထားတဲ့ချဲလ်ဆီးအသင်းဟာ ကစားသမားဖြည့်တင်းမှုတွေတောက်လျှောက်ပြုလုပ်နေတာကြောင့် အခြားပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းများအတွက် သံသယဖြစ်စရာဖြစ်နေပါတယ်။

သတင်းတွေအရ ချဲလ်ဆီးရဲ့အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ပြိုင်ဘက်ပရီးမီးယားလိဂ်အသင်းတွေက တိုးတိုးတိတ်တိတ်ဝေဖန်မှုတွေပြုလုပ်နေကြပြီး FFP စည်းမျည်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုမရှိနိုင်ဘူးလို့ လည်းယူဆနေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလက ချဲလ်ဆီးအသင်းဟာ ယူအီးအက်ဖ်‌အေရဲ့ FFP စောင့်ကြည့်စာရင်းမှာ ထည့်သွင်းခံခဲ့ရသော်လည်း အသင်းပိုင်ရှင် တော့ဘိုလီဟာ ဥပဒေများနဲ့အညီ လုပ်ဆောင်နေကြောင်း တွေ့ရှိခဲ့ရပြီး စည်းမျဉ်းတွေထဲမှာ အခိုင်အမာရပ်တည်နေတာဖြစ်ပါတယ်။

အမေရိကန်စီးပွားရေးသမားတော့ဘိုလီ လွှဲပြောင်းရယူခဲ့ပြီးကတည်းက ချဲလ်ဆီး အသင်းဟာ ကစားသမားသစ် စုဆောင်းရေးမှာ ပေါင် ၁ ဘီလီယံနီးပါး သုံးစွဲခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်အထိ အသုံးစရိတ်များမှာ ရပ်တန့်သွားခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေ‌နေ့က လီဗာပူးအသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဥ်မှာ လူးဝစ်ဒီယက်ဇ်ရဲ့ ဦးဆောင်ဂိုးကို ဒီဇာဆီက ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီး ၁-၁ နဲ့ သရေ ရလဒ်သာရရှိခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ ကစားသမားသစ်ခေါ်ယူမှုတွေကို အမြန်ဆုံးအပြီးသတ်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

#ဆောက်သမ်တန် #ဘရိုက်တန် #အပြောင်းအရွှေ့ #လာဗီယာ