ရှေ့သို့
Image

အဲရစ်တန်ဟက်ရဲ့ အပြောင်းအရွှေ့လုပ်ဆောင်ချက်တွေဟာ အလွန်ကောင်းမွန်ကြောင်း ချီးကျူးလိုက်တဲ့ ဖာဂူဆန်

2:57 PM, 15 August

မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ရဲ့ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်က လက်ရှိယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ အသင်းအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်နေတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ယူနိုက်တက်နည်းပြဘဝမှ အနားယူသွားခဲ့ပြီးနောက် ၁၀ နှစ်အကြာမှာ တန်ဟက်ဟာ ဖာဂူဆန်ရဲ့နေရာကိုဆက်ခံတဲ့ ပဉ္စမမြောက်နည်းပြဖြစ်လာခဲ့ပြီး ယခုနွေရာသီမှာ ကစားသမားသစ်ခေါ်ယူမှုတွေ တောက်လျှောက်ပြုလုပ်နေတာဖြစ်ပါတယ်။

အသင်းကို ၂၆ နှစ်ကြာကိုင်တွယ်ခဲ့ပြီး စုစုပေါင်း ဆုဖလား ၃၈ လုံးအထိဆွတ်ခူးထားနိုင်ခဲ့တဲ့ စတော့တလန်လူမျိုးနည်းပြ ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း ၁၀ နှစ်အတွင်းမှာ ယူနိုက်တက်ဟာ ပြိုင်ဘက်အသင်း‌ကြီးတွေနဲ့ယှဉ်လိုက်ရင် နောက်ကောက်ကျတဲ့အခြေအ‌နေမှာရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် တန်ဟက်ဟာ ၎င်းရဲ့ယူနိုက်တက်နည်းပြဘဝ ပထမဆုံးရာသီမှာတော့ ကာရာဘောင်ဖလားကိုဆွတ်ခူးနိုင်ခဲ့သာမက ပရီးမီးယားလိဂ်မှာလည် တတိယနေရာရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ယခုနွေရာသီမှာတော့ တန်ဟက်ဟာ ကစားသမားသစ် ခေါ်ယူမှုတွေအဖြစ် အင်တာမီလန်ဂိုးသမား အန်ဒရေအိုနာနာ၊ ချဲလ်ဆီးကွင်းလယ်လူ မေဆင်မောင့်နဲ့ အတ္တလန္တာတိုက်စစ်မှူး ဟွိုက်လန်းတို့ကို ဆက်လက်ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယ‌နေ့နံနက်က ဝုဗ်နဲ့ ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ အင်တာဗျူးတစ်ခုမှာ ဖာဂူဆန်က"တန်ဟက်က အံ့မခန်းအလုပ်တွေလုပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့အကြိုက်ကစားသမားတွေလည်း ပိုင်ဆိုင်နေပါပြီ။ အထောင်တိုက်စစ်နေရာအတွက် အကောင်းဆုံးပြင်ဆင်ဖို့အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါမှအသင်းက မြန်မြန်ဆန်ဆန်တိုးတက်လာမှာပါ။  ပြီးခဲ့တဲ့ရာသီမှာ အဲဒီ‌နေက အားနည်းချက်တွေရှိခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

မကြာသေးမီက အတ္တလန္တာမှရောက်ရှိလာခဲ့တဲ့ ဟွိုက်လန်းဟာ နောက်ကျောဒဏ်ရာရရှိနေပြီး ယူနိုက်တက်အတွက် ပွဲထွက်ပါဝင်နိုင်ခြင်းမရှိသေးသော်လည်း တန်ဟက်က အလျင်စလိုပြုလုပ်မှာမဟုတ်ဘဲ ကစားသမားအဆင်သင့်ဖြစ်တဲ့အထိ အချိန်ယူသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဆက်လက်ပြီး အသက်-၈၁ နှစ်အရွယ်နည်းပြဟောင်းက"အသင်းရဲ့ကျန်တဲ့အစိတ်အပိုင်းတွေကတော့ အားရစရာကောင်းပါတယ်။ အသင်းမှာ အတွေ့အကြုံရှိကစားသမားတွေလည်းအလုံအလောက်ရှိပါတယ်။ နောက်တန်းမှာဆို ဗာရာနီ၊ မာတီနက်ဇ်၊ ကွင်းလယ်မှာဆို အဲရစ်ဆင် နဲ့ ကက်စ်မဲရိုးတို့ပေါ့။ ဒါကြောင့် အဲဒီနေရာတွေအတွက် အခြေခံအုတ်မြစ်က ချပြီးသားဖြစ်နေတာကြောင့် အခုချိန်မှာတော့ ဂိုးသမားနဲ့ ရှေ့တန်းတိုက်စစ်မှူးနေရာအတွက်ပဲ အုတ်မြစ်ချဖို့လိုပါတော့မယ်။ ဒါပေမယ့်လည်း သူ့မှာ အားသွန်ခွန်စိုက်နဲ့ အသင်းအတွက်ပေးဆပ်မယ့် ဂိုးသမားသစ် ရှိနေပြီး တိုက်စစ်မှူးကလည်း အသင်းနဲ့အံဝင်ခွင်ကျဖြစ်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်