ရှေ့သို့
Image

ဆော်ဒီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖွယ်ရှိတဲ့ ယူရို-၂၀၂၀ ချန်ပီယံဆုရှင် နည်းပြ မန်စီနီ

1:21 PM, 14 August

ယမန်နေ့ညပိုင်းမှာ အီတလီလက်ရွေးစင်အသင်းနည်းပြတာဝန်မှ နုတ်ထွက်ခဲ့တဲ့ မန်စီနီကို ဆော်ဒီဘောလုံးအကြီးအကဲတွေက လက်ရွေးစင်အသင်း နည်းပြသစ်အဖြစ် တာဝန်ပေးအပ်နိုင်ရေး ကမ်းလှမ်းဖို့ပြင်ဆင်နေပြီလို့ အွန်လိုင်းသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။

အီတလီအခြေစိုက်နာမည်ကြိးသတင်းထောက် ဒီမာဇီယိုရဲ့အဆိုအရ ဆော်ဒီဘောလုံးအကြီးအကဲတွေက မန်စီနီကို ကာလအတော်ကြာစောင့်ကြည့်လေ့လာနေခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ငြင်းပယ်ဖို့ ခက်ခဲမယ့် ကမ်းလှမ်းမှုတစ်ခု ပေးပို့ဖို့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လစ်လပ်နေတဲ့ ဆော်ဒီလက်ရွေးစင်အသင်းနည်းပြတာဝန်အတွက် မန်စီနီကို တစ်နှစ်လုပ်ခလစာ ယူရို ၁၈ သန်းဖြင့် ကမ်းလှမ်းလာမယ်လို့ သိရပါတယ်။

အခြားသတင်းရင်းမြစ်တွေရဲ့အဆိုအရ မန်စီနီကို သုံးနှစ်စာချုပ်တစ်ရပ်ဖြင့် ကမ်းလှမ်းမယ်လို့ သိရပြီး ဒီစာချုပ်သက်တမ်းပြည့်ချိန်အထိ တာဝန်ယူမယ်ဆိုရင် မန်စီနီအနေဖြင့် လုပ်ခလစာ ယူရို ၅၄ သန်းအထိ ရရှိမယ်လို့ အဓိပ္ပါယ်သက်ရောက်နေပါတယ်။

အခုနွေရာသီအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ဦးဆောင်ဖို့ရည်ရွယ်ချက်ဖြင့် ဆော်ဒီလက်ရွေးစင် အသင်းနည်းပြဟောင်း ရီနတ်က ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ရာထူးမှနုတ်ထွက်ခဲ့ပါတယ်။ လက်ရှိမှာ ယာယီနည်းပြအဖြစ် အယ်လ်ရှီဟာရီက တာဝန်ထမ်းဆောင်နေပါတယ်။

#အီတလီ #မန်စီနီ