ရှေ့သို့
Image

လီဗာပူးရဲ့ အခုရာသီရည်မှန်းချက်က ပရီးမီးယားလိဂ်ချန်ပီယံဆုလို့ ထုတ်ပြောလာတဲ့ အာနိုးလ်

11:43 AM, 14 August

ယမန်နေ့ညပိုင်း၊ ချဲလ်ဆီးနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်အပြီး အာနိုးလ်က လီဗာပူးအသင်းရဲ့အခုဘောလုံးရာသီအဓိကရည်မှန်းချက်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ရေး ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီပွဲစဉ်အတွင်း လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု ၃၄ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် အာနိုးလ်ကတော့ ငယ်ဘဝကလပ်ရဲ့ အခုဘောလုံးရာသီ အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး ကျေနပ်အားရနေပါတယ်။

Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် အာနိုးလ်က “ကျွန်တော်တို့အသင်းမှာ အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးနိုင်စွမ်းရှိတယ်ဆိုတာ ပြီးခဲ့တဲ့နှစ်တွေအတွင်း သက်သေပြခဲ့ပြီးပါပြီ။ ကျွန်တော်တို့က ကမ္ဘာ့ဖလားချန်ပီယံတစ်ဦးကို ခေါ်ယူထားသလို ဂျာမန်မြေမှာ အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့သူတစ်ဦးကိုလည်း ခေါ်ယူထားပါတယ်။ ကျွန်တော်တို့က အောင်နိုင်သူတွေကို အမိအရခေါ်ယူနိုင်ခဲ့တယ်။ ဒါက အဓိကပါပဲ။ ကျွန်တော်တို့မှာ အောင်ပွဲရယူလိုစိတ်တွေ ရှိကြပြီး အခုဘောလုံးရာသီကျွန်တော်တို့အသင်းရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ပါပဲ။ ဒီအကြောင်းပြောရဖို့အတွက် ကျွန်တော်တို့ ရှက်ရွံ့နေမှာ မဟုတ်သလို ရှက်စရာလည်း မလိုပါဘူး”လို့ ပြောပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ သရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် လီဗာပူးကစားသမားဟောင်းစတာရစ်ချ်က အာနိုးလ်ရဲ့ ပွဲကစားချိန်အတွင်း နေရာယူပုံအကြောင်းကို မေးခွန်းထုတ်လာခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ လီဗာပူးလက်ထောက်ကပ္ပတိန်က “ ကျွန်တော်တို့အသင်း ဘောလုံးဆုံးရှုံးသွားချိန်မှာ ကိုနာတေးအတွက် ညာနောက်ခံလူနေရာဆီ ရောက်ရှိသွားဖို့က အလွယ်ကူဆုံးနဲ့ အလျှင်မြန်ဆုံး ဖြစ်ပါတယ်။ ပြီးရင်တော့ ကျွန်တော်က ဗဟိုခံစစ်မှူးနေရာမှာ တာဝန်ယူလိုက်ပြီး ကိုနာတေးကို အကာအကွယ်ပေးရပါတယ်။ ဘယ်တောင်ပံမှာ ဘောလုံးဆုံးရှုံးခဲ့မယ်ဆိုရင်လည်း အဲ့ဒီအတိုင်းပါပဲ၊ အရမ်းလည်း မခဲယဉ်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အသင်းရဲ့ ဖီလိုဆော်ဖီကိုယ်တိုင်က တန်ပြန်ဖိအားပေးမယ်၊ ဘောလုံးရှိရာသွားမယ်၊ ဘောလုံးပိုင်ဆိုင်မှုပြန်ရယူမယ်ဆိုတာပါပဲ။ ဒါကပဲ ကျွန်တော်တို့ခေါင်းထဲမှာ ရှိနေတဲ့ ပထမဆုံးအရာဖြစ်ပါတယ်။ ဘောလုံးက ကိုယ့်အနားမှာပဲရှိတယ်ဆိုရင် ဒါဟာ လူတိုင်းအတွက်လည်း အတူတူပါပဲ။ မင်းအတွက် သတ်မှတ်ပေးထားတယ်ဆိုတဲ့ နေရာမှာပဲ ရပ်ကစားနေလို့ မရပါဘူး။ ဘောလုံးဆုံးရှုံးသွားပြီဆိုရင် အသင်းလိုက်စုစုစည်းစည်းနဲ့ ဘောလုံးပိုင်ဆိုင်မှုပြန်လည်ရရှိဖို့ လုပ်ဆောင်ရပါမယ်”လို့ ပြောပါတယ်။

ချဲလ်ဆီးနဲ့ပွဲစဉ်မှာဆိုရင်လည်း လီဗာပူးရဲ့ရည်မှန်းချက်က အမြင့်ဆုံး အဆင့်အတန်းမှာ ပြိုင်ဘက်ကို ဖိအားပေးကစားနိုင်ဖို့ ဖြစ်ခဲ့ပြီး ပွဲအစပိုင်းမိနစ်တွေမှာ ဒီပုံစံအတိုင်း မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးကလည်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #အာနိုးလ် #ပရီးမီးယားလိဂ်