ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်နဲ့ ကီပါတို့ရဲ့ အပြောင်းအရွှေ့ကို အတည်ပြုလိုက်တဲ့ ဘိုင်ယန်မြူးနစ်CEO

10:49 AM, 14 August

လေ့ကျင့်ရေးကွင်းမှာ ကော်တွိုက်စ် ဒဏ်ရာရရှိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဂိုးသမားအသစ် တစ်ဦးကို စျေးကွက်မှာ ရှာဖွေနေပြီး ချဲလ်ဆီးနဲ့ စပိန်လက်ရွေးစင် ဂိုးသမား ကီပါကို ခေါ်ယူဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ကီပါရဲ့ စပိန်အသင်းဖော် ဆန်းချက်ဇ်ကို ခေါ်ယူလိုက်ပြီးနောက် သူဟာ ပရီးမီးယားလိဂ်ကနေ ထွက်ခွာဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အခုတော့ စပိန်မြို့တော်သို့ ကီပါက သွားရောက်မှာဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါကလပ်ရဲ့ စီအီးအိုဖြစ်သူ ဒရီဆန်က အသက် ၂၈ နှစ်အရွယ် ဂိုးသမားကိုခေါ်ယူဖို့အတွက် အရင်က စည်းရုံးခဲ့ပြီးနောက် ကီပါဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းမှာဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ် စီအီးအို ဒရီဆင်က ကီပါရဲ့ ရီးရဲလ်မက်ဒရစ်သို့ အပြောင်းအရွှေ့အပေါ် "စာချုပ်အတွက် ကျွန်တော်တို့က နီးစပ်ခဲ့ပြီး ကီပါကို ခေါ်ယူချင်ခဲ့တာပါ။ ဒါပေမယ့် သူက ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်" "သူက စပိန်သားဖြစ်တာကြောင့် ရီးရဲလ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံချင်ခဲ့တာပါ" လို့ ပြောပါတယ်။

စနေနေ့ညက အက်သလက်တစ်ကလပ်နှင့်ပွဲမှာ လူနင်က အံ့အားသင့်ဖွယ် လက်စွမ်းပြသခဲ့သော်လည်း တစ်ရာသီအငှားစာချုပ်ဖြင့် ရောက်ရှိလာမယ့် ကီပါဟာ ရီးရဲလ်မက်ဒရစ်အတွက် ပထမဦးစားပေးဂိုးသမား ဖြစ်လာဖွယ်ရှိပါတယ်။ ယူကရိန်းလက်ရွေးစင်ကို အန်ဆယ်လော့တီက နှစ်သက်ခြင်းမရှိတာကြောင့် အရန်ဂိုးသမားအဖြစ်သာ ရှိသွားမှာဖြစ်ပါတယ်။

စပိန်က အက်သလက်တစ်မှာရှိစဉ်ပြသခဲ့တဲ့ လက်စွမ်းမျိုး ကီပါ ပြန်ရဖို့ ရီးရဲလ်မက်ဒရစ်က မျှော်လင့်နေပြီး သူသာ အကောင်းဆုံးလက်စွမ်းပြသနိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ ပြောင်းရွှေ့မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

#ကီပါ #ချဲလ်ဆီး #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ်