ရှေ့သို့
Image

လီဗာပူးရဲ့ရာသီသစ်အလားအလာတွေအပေါ် သံသယရှိနေတာကို နားလည်ပေးနိုင်တယ်လို့ ဗန်ဒိုက်ပြော

4:12 PM, 13 August

၂၀၂၃-၂၀၂၄ ဘောလုံးရာသီသစ်အတွက် လီဗာပူးရဲ့အလားအလာတွေအပေါ် ဘာကြောင့် သံသယဝင်နေသလဲဆိုတာနဲ့ပတ်သက်လို့ နားလည်မှုအပြည့်ရှိပါတယ်လို့ အသင်းခေါင်းဆောင်ဗန်ဒိုက်က ပြောဆိုလိုက်ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းကပ္ပတိန်ဂျော်ဒန်ဟန်ဒါဆန်အပါအဝင် စီနီယာကစားသမားခြောက်ဦး အသင်းမှ ထွက်ခွာသွားခဲ့ပါတယ်။

ဆောက်သမ်တန်ကွင်းလယ်လူလာဗီယာကို ခေါ်ယူနိုင်ဖို့ သုံးကြိမ်တိုင်တိုင်ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့မှုနဲ့အတူ ကွင်းလယ်ခံစစ်ကစားသမားမရှိတဲ့ လီဗာပူးရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်ရလဒ်ပိုင်းတွေက အတက်အကျရှိခဲ့ပါတယ်။

ဗန်ဒိုက်က "ဒီအခြေအနေမှာ တချို့နည်းလမ်းတွေနဲ့ အသင်းပရိတ်သတ်တွေဘက်က စိုးရိမ်စိတ်တွေ၊ သံသယဝင်နေတာတွေ ရှိနေတဲ့အပေါ် ကျွန်တော် အပြည့်အ၀နားလည်နိုင်ပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ အဆိုးမြင်ဝါဒီတစ်ဦး မဟုတ်ပါဘူး။

အသင်းကပ္ပတိန်၊ ဒုကပ္ပတိန်အပြင် ကစားသမားအချို့ ထွက်ခွာသွားသလို ကစားသမားသစ်လည်း နှစ်ဦးပဲ ရောက်လာသေးတယ်ဆိုတာ သိသာပါတယ်။

ကျွန်တော်တို့အသင်းရဲ့ကစားပုံက ဘောလုံးပိုင်ဆိုင်မှုရရှိထားချိန်မှာ အရမ်းကိုကောင်းမွန်ပေမယ့် ခံစစ်ပိုင်းကတော့ ပေးဂိုးတွေများပြားနေခြင်းနဲ့အတူ မကောင်းလွန်းလှပါဘူး။ ဒါကြောင့် အချို့ပုဂ္ဂိုလ်တွေ သံသယဝင်နေတာကို ကျွန်တော်နားလည်နိုင်ပါတယ်"လို့ ပြောပါတယ်။

လီဗာပူးက အခုနွေရာသီအပြောင်းအရွှေ့မှာ မက်အယ်လစ္စတာ၊ ဆိုဘိုဆလိုင်းတို့လို ခြေစွမ်းခြေစရှိတဲ့ ကစားသမားနှစ်ဦးကိုသာ အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် အားဖြည့်ထားပါတယ်။

ဂျော်ဒန်ဟန်ဒါဆန်၊ ဖာဘင်ဟို၊ ချိန်ဘာလိန်နဲ့ ကီတာတို့ ထွက်ခွာသွားမှုက အရေအတွက်ပိုင်းသာမက အတွေ့အကြုံရှိကွင်လယ်အထိုင်ကစားသမားမရှိတော့ဘူးဆိုတာကိုပါ ပြသနေပါတယ်။

သီယာဂို၊ ဘာ့ဂ်ျစီတစ်တို့ကလည်း ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းကာလကတည်းက အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိဘဲ ကြံ့ခိုင်မှုအမြန်ဆုံးပြည့်၀နိုင်ဖို့သာ ကြိုးစားနေရပါတယ်။ ဒါကြောင့်ပဲ ယာဂန်ကလော့ပ်က ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ဂတ်ပိုကို ကွင်းလယ်လူအဖြစ် အစားထိုးသုံးစွဲခဲ့ရပါတယ်။

အသက်-၃၂ နှစ်အရွယ်နယ်သာလန်နောက်ခံလူက စိန်ခေါ်မှုကြီးမားမယ်ဆိုတာ သိထားပေမယ့် လီဗာပူးအသင်းသွားတွေဟာ အခုဘောလုံးရာသီသစ်မှာ ဆုဖလားတွေစိန်ခေါ်နိုင်ရေး ကြိုးစားသွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ဖွင့်ပြောလာပါတယ်။

"ကျွန်တော်တို့နဲ့ ပြိုင်ဆိုင်ရမယ့်အသင်းတွေကို ကြည့်လိုက်ရင် ဒီခရီးလမ်းက အရမ်းခက်ခဲကြမ်းတမ်းမယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်ဖို့နဲ့ စိန်ခေါ်မှုတွေပြုလုပ်နိုင်ဖို့ လိုလားနေပါတယ်။

ကျွန်တော်တို့တွေ ယုံကြည်ချက်ရှိရမှာဖြစ်သလို ရှိလည်းရှိသင့်ပါတယ်။ ကျွန်တော်တို့တွေ နေ့စဉ်နဲ့အမျှ အရာရာတိုင်းကို သင်ယူနေသင့်ပါတယ်။ အသင်းရဲ့အောင်မြင်မှုလမ်းကြောင်းမှာ အရေးပါတဲ့အစိတ်အပိုင်းတွေအဖြစ် တည်ရှိခဲ့ကြတဲ့ ကစားသမားတွေ ထွက်ခွာသွားကြပေမယ့် ကျန်ခဲ့တဲ့ကစားသမားတွေက အဲ့ဒီလိုအရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်လာဖို့ ကြိုးစားလုပ်ဆောင်ရပါမယ်။

ဒါက ကောင်းတဲ့စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့တွေ စိတ်လှုပ်ရှားသင့်ပါတယ်။ ကျွန်တော်ဆိုရင်လည်း စိတ်လှုပ်ရှားနေပါတယ်။ ဒါကြောင့် အတူခရီးဆက်ကြရအောင်ပါ"လို့ ပြောပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ပရီးမီးယားလိဂ်