ရှေ့သို့
Image

ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိတော့မယ့် ချဲလ်ဆီး

3:43 PM, 12 August

ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို လီဗာပူးနဲ့အပြိုင်လိုက်နေတဲ့ ချဲလ်ဆီးအသင်းဟာ ယခုအခါ ‌နောက်ထပ်ခေါ်ယူမှုအဖြစ် ဆောက်သမ်တန် ကွင်းလယ်ကစားသမား ရိုမီယိုလာဗီယာကို ပေါင် ၅၅ သန်းနဲ့ သဘောတူညီမှုရရှိတော့မယ်လို့ သိရှိရပါတယ်။

ယခုအပတ်အစောပိုင်းက ချဲလ်ဆီးအသင်းဟာ ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်အသင်းရဲ့ အသက်-၁၉ နှစ်အရွယ် လူငယ်ကွင်းလယ်ကစားသမား လာဗီယာကို အံ့အားသင့်ဖွယ် ပေါင် ၄၈ သန်းနဲ့ကမ်းလှမ်းခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ မန်စီးတီးအကယ်ဒမီကစားသမား ဟောင်းကို ယမန်နှစ်နွေရာသီကတည်းက ကမ်းလှမ်းခဲ့သော်လည်း ယခုပိုချက်တီနိုလက်ထက်ရောက်မှာသာ ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့သိရှိရပါတယ်။

ဒါ့အပြင် ကိုင်စီဒိုအတွက် ဘရိုက်တန်နဲ့ လီဗာပူးအသင်းတို့ ပြောင်းရွှေ့ကြေးပေါင် ၁၁၁ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သော်လည်း ချဲလ်ဆီးအသင်းက လက်လျှော့လိုခြင်းမရှိဘဲ ကွင်းလယ်ကစားသမားကို ခေါ်ယူနိုင်ရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ကိုင်စီဒိုဟာ ဆေးစစ်မှုခံယူရန် လီဗာပူးသို့ ယမန်နေ့နံနက်မှာ ထွက်ခွာမယ်လို့ယူဆထားကြသော်လည်း ကစားသမားက ဘရိုက်တန်ကနေထွက်ခွာခြင်းမရှိဘဲ ချဲလ်ဆီးအသင်းသို့သာပြောင်းရွှေ့လိုကြောင်းပြောကြားခဲ့ပြီး လန်ဒန်ကလပ်ရဲ့ တရားဝင်ကမ်းလှမ်းချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရှိရပါတယ်။

ချဲလ်ဆီးအသင်းကလည်း ကိုင်စီဒိုအတွက် လီဗာပူးရဲ့ကမ်းလှမ်းချက်ထက်ပိုမိုများပြားတဲ့ပမာဏနဲ့ ကမ်းလှမ်းရန်စီစဉ်နေပြီး လာဗီယာကိုလည်း လက်လွှတ်သွားဖို့မရှိတာကြောင့် ကစားသမားနှစ်‌ဦးစလုံးကို ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ ကွင်းလယ်လူနှစ်‌ဦးအတွက် ချဲလ်ဆီးအသင်းဟာ စုစုပေါင်းပြောင်းရွှေ့ကြေးပေါင် ၁၆၅ သန်းအထိ အသုံးပြုသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘရိုက်တန်နည်းပြ ဒီဇာဘီက “ကျွန်တော် ကိုင်စီဒိုကို မေ့လိုက်ပါပြီ။ ကလပ်တွေက ကျွန်တော်တို့ ကစားသမားတွေကို ဝယ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကိုတော့ ဝယ်လို့မရပါဘူး။ အဲဒီအရာက ဈေးကွက်မှာ ဝယ်လို့မရတဲ့အရာပါ။ အသင်းမှာကျန်ရှိနေတဲ့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ဆက်လက်တိုးတက်နိုင်ဖို့ ကစားသမားသစ်တွေလိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီကိုတကယ်လာချင်တဲ့ ကစားသမားတွေကိုပဲ ခေါ်ယူချင်ပါတယ်။ ကျွန်တော်တို့က ဘရိုက်တန်ပါ။ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့က ချဲလ်ဆီးထက်သာလွန်ပြီး လီဗာပူးနဲ့သိပ်မကွာတဲ့အနေအထားမှာရှိခဲ့ပါတယ်။ ဘရိုက်တန်မှာကစားရတာကို ဂုဏ်ယူတဲ့ကစားသမားတွေကို ပဲကျွန်တော်လိုချင်ပါတယ် " လို့ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ဆောက်သမ်တန် #အပြောင်းအရွှေ့ #လာဗီယာ