ရှေ့သို့
Image

ဖာဂူဆန်ဆိုရင် ကွင်းထဲမှာ ဒါမျိုးလုပ်မှာမဟုတ်ဘူးလို့ ပက်ဂွါဒီယိုလာကို ဝေဖန်လိုက်တဲ့ ဂယ်ရီနဗီးလ်

10:15 AM, 12 August

ဒီနေ့မနက်ပိုင်း၊ ဘန်လေ-မန်စီးတီးပရီးမီးယားလိဂ်ပွဲစဉ် ပထမပိုင်းပွဲချိန်အပြီး ကွင်းအတွင်းမှထွက်ခွာလာချိန် ဟာလန်းကို ဆူပူကြိမ်းမောင်းနေတဲ့ ပက်ဂွါဒီယိုလာကို မြင်တွေ့ရပြီးနောက် ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်က ဆရာဟောင်းဖာဂူဆန်နဲ့ ခိုင်းနှိုင်းကာ စပိန်သားနည်းပြကို ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒီပွဲစဉ်မှာ ဟာလန်းက ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ မန်စီးတီးအတွက် သွင်းဂိုးနှစ်ဂိုးရှာဖွေပေးခဲ့ပါတယ်။ ဒါပေမယ့် အခုလိုသွင်းဂိုးတွေ ရယူပေးထားတဲ့ နော်ဝေတိုက်စစ်မှူးအပေါ် မန်စီးတီးနည်းပြက ချီးကျူးတာမျိုးမရှိဘဲ မကျေမနပ်ကြိမ်းမောင်းနေခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး Sky Sports ရဲ့ဆွေးနွေးခန်းမှာ ဂယ်ရီနဗီးလ်က “ဒီလိုစိတ်အားထက်သန်မှုမျိုးကို သဘောကျတဲ့လူအချို့ ရှိပါလိမ့်မယ်။ ဒါတွေကြောင့်ပဲ ပက်ဂွါဒီယိုလာက ကမ္ဘာ့အကောင်းဆုံး နည်းပြဖြစ်နေတာဆိုပြီး ပြောကြမှာပါ။ ကင်မရာတွေရှေ့ လက်မောင်းကိုဆွဲပြီး အခုလိုကြိမ်းမောင်းနေတာမျိုးကို လူထုမြင်ကွင်းရှေ့မှာ မလုပ်သင့်ပါဘူး။ ကျွန်တော်ဆိုရင်လည်း ပရီးမီးယားလိဂ်သမိုင်းတလျှောက် စိတ်ဓါတ်အပြင်းထန်ဆုံးနည်းပြတွေစာရင်းမှာ ပါဝင်သူတစ်ဦးရဲ့လက်အောက်မှာ ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက လူမြင်ကွင်းမှာ အခုလိုအပြုအမူမျိုးကို ဘယ်တော့မှမလုပ်ဖူးဘူး။ ပက်ဂွါဒီယိုလာရဲ့ ဒီလိုစိတ်အားထက်သန်မှုမျိုးကို ကြိုက်တဲ့သူတွေလည်း ရှိပါလိမ့်မယ်။ အခုလို မဆုတ်မနစ်တဲ့ဇွဲလုံလကြောင့်သာ ပက်ဂွါဒီယိုလာက အောင်မြင်တဲ့ ပါရမီရှင်တစ်ဦးဖြစ်နေတယ်ဆိုတာကို ပြသနေပါတယ်။ ကင်မရာတွေရှေ့နဲ့ လူထုရှေ့မှာ အခုလိုမျိုးဘာလို့လုပ်တာလဲဆိုတာတော့ သီးခြားမေးမြန်းရမယ့် မေးခွန်းဖြစ်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေက တန်းတက်ဘန်လေကို သုံးဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာ အသင်းအတွက် ဟာလန်းက နှစ်ဂိုး၊ ရိုဒရီက တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပက်ဂွါဒီယိုလာကတော့ ဟာလန်းကို ကြိမ်းမောင်းရတဲ့အကြောင်းရင်းကို အခုလိုပဲ ရှင်းပြလိုက်ပါတယ်။

စပိန်သားနည်းပြက “ဟာလန်းက အချိန်တိုင်း ဘောလုံးပေးဖို့ တောင်းဆိုနေခဲ့တယ်။ သူ့ရဲ့နောက်ကျောဘက်မှာ ရှိနေတဲ့ ဘောလုံးကိုတောင် သူ့ဆီပေးပို့ဖို့ တောင်းဆိုခဲ့တယ်။ ဟာလန်းမှာ အဲ့ဒီလိုဆန္ဒရှိနေပြီး ဘာနာဒိုဆေးလ်ဗားက ဘောလုံးကို သူ့ဆီမပေးပို့ခဲ့ဘူး။ ဒီဆုံးဖြတ်ချက်က မှန်ကန်ပါတယ်။ သူက နှစ်ဂိုးတောင်သွင်းထားပြီးပြီးဆိုတော့ သူပျော်ရွှင်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ တခါတရံမှာ မှန်ကန်တဲ့အခိုက်အတန့်ကို ရှာဖွေဖို့ စိတ်ရှည်ရပါမယ်။ အခုလိုဖြစ်ပျက်ခဲ့တာအတွက် ဟာလန်းလည်း စိတ်မဆိုးသလို ကျွန်တော်လည်း စိတ်မဆိုးပါဘူး။ ဒါကြောင့် ဒရာမာတွေ ချိုးမနေကြပါနဲ့”လို့ ပြောပါတယ်။

အခုပွဲစဉ်အပြီး မန်စီးတီးက လာမယ့်ကြားရက်မှာ ဆီဗီလာနဲ့ ဥရောပစူပါဖလားပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဟာလန်း #ဖာဂူဆန် #ဂယ်ရီနဗီးလ် #ပရီးမီးယားလိဂ်