ရှေ့သို့
Image

များပြားလွန်းတဲ့ ပွဲစဉ်တွေကြောင့် ကျန်းမာရေးထိခိုက်နိုင်မှုအပေါ် စိုးရိမ်မိတယ်လို့ ထုတ်ပြောလာတဲ့ ရိုဒရီ

4:10 PM, 11 August

မန်စီးတီးကွင်းလယ်လူရိုဒရီက ကျပ်တည်းလွန်းတဲ့ပွဲစဉ်ဇယားရေးဆွဲထားမှုနဲ့အတူ သူ့ရဲ့ကျန်းမာရေးအခြေအနေအပေါ် ထိခိုက်မှုရှိလာမှာကို စိုးရိမ်မိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မန်စီးတီးကွင်းလယ်ကြယ်ပွင့်ဒီဘရိုင်းနဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဗာရာနီတို့ကလည်း ဘောလုံးရာသီတစ်ခုအတွင်း ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်အရေအတွက်များပြားနေခြင်းနဲ့ ပတ်သက်လို့ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို ဝေမျှပြောဆိုထားပါတယ်။ မကြာသေးမီကပဲ ဘောလုံးပွဲစဉ်တစ်ခုအတွင်း လေလွင့်သွားတဲ့အချိန်တွေကို အတိအကျမှတ်သားကာ နာကျင်အချိန်ပိုတွေမှာ ထည့်သွင်းတွက်ချက်ဖို့ ညွှန်ကြားလာတာကြောင့် အခုရာသီ ဘောလုံးပွဲစဉ်တွေရဲ့သာမန်ပွဲကစားချိန်တွေဟာ ပိုမိုရှည်လျားလာဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပွဲစဉ် ၅၆ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ ရိုဒရီက ကျပ်တည်းလွန်းတဲ့ ပွဲစဉ်ဇယားရေးဆွဲထားမှုအပေါ် စိုးရိမ်မိသလို ဒီလိုအရာတွေက သူ့ရဲ့ကျန်းမာရေးအပေါ် အနုတ်သဘောဆောင်တဲ့ ရလဒ်တွေ ဖြစ်ပေါ်စေတယ်လို့ ထုတ်ပြောလာပါတယ်။

အခုနွေရာသီအားလပ်ရက်မှာ လုံလုံလောက်လောက်အနားယူဖြစ်ရဲ့လားလို့ မေးမြန်းလာချိန် ရိုဒရီက “အရိုးသားဆုံးပြောရရင် ကျွန်တော်ဘယ်တော့မှ လုံလောက်တဲ့အနားယူမှုမျိုး မရရှိခဲ့ပါဘူး။ တစ်လလောက် အနားယူခဲ့ရတယ်ဆိုတော့ ကျွန်တော်လည်း ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီလို့ ခံစားမိပါတယ်။ ကောင်းမွန်တဲ့ အားလပ်ရက်ဖြစ်ခဲ့ပါတယ်။ ကစားသမားရဲ့ကြံ့ခိုင်မှုပြန်လည်ပြည့်ဝစေဖို့ နားလည်မှုအပြည့်ရှိသလို လိုအပ်တဲ့အရာမှန်သမျှလုပ်ကိုင်ပေးတက်တဲ့ နည်းပြတစ်ဦးကို ကျွန်တော်တို့ ပိုင်ဆိုင်ထားပါတယ်။ သူက အနားယူမှုဟာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို နားလည်ထားတာကြောင့် ကျွန်တော်တို့အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုဟာ နောက်အကျဆုံးဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အမှန်ပါပဲ၊ ပြီးခဲ့တဲ့ဘောလုံးရာသီနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေအပေါ် ကျွန်တော် အရမ်းပျော်ရွှင်ခဲ့ပါတယ်”

“အခုအချိန်မှာတော့ ကျွန်တော်တို့တွေ ရာသီအသစ်တစ်ခုကို ဝင်ရောက်လာခဲ့ပြီး ရှည်လျားလှတဲ့ နောက်ထပ်ခရီးလမ်းတစ်ခုက စောင့်ကြိုနေပါလိမ့်မယ်။ ကျွန်တော် ကစားခဲ့တဲ့ပွဲအရေအတွက်ကို အတိအကျတော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်က အသင်း၊ နည်းပြတို့နဲ့ ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲ ၆၀ လောက်ကို ပွဲထွက်ကစားပြီး အဲ့ဒီပွဲစဉ်တိုင်းမှာ မိနစ် ၆၀ ထက်မနည်း ကစားနေရခြင်းက ကျန်းမာရေးနဲ့ညီညွှတ်မျှတမှု မရှိနိုင်လို့ပါ။ ဒါမျိုးကို တစ်ရာသီလောက်တော့ ကစားနိုင်ပေမယ့် နှစ်ရာသီ၊သုံးရာသီဆက်တိုက် ကစားလာရမယ်ဆိုရင်တော့ ကစားသမားရဲ့ကြံ့ခိုင်မှု လျော့ကျနိုင်တာကြောင့် အသင်းအတွက် မကောင်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ သတိထားရပါမယ်။ ဒီလိုအရာမျိုး အမြဲတမ်း မလုပ်ဆောင်နိုင်ဘူူး”လို့ ကျွန်တော်တို့ ပြောထားခဲ့ပြီးသားပါ။

ဒါပေမယ့် အခြားတဖက်မှာတော့ ပြီးခဲ့ဘောလုံးရာသီမှာတော့ ကျွန်တော်တို့ ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်ခဲ့ပြီး အဆုံးစွန်အထိ အားထုတ်ကြိုးစားခဲ့ရပါတယ်။ အဲ့ဒါကြောင့် ရာသီကုန်မှာ ကျွန်တော်တို့တွေ အတော်လေးဆိုးရွားတဲ့ ခံစားချက်အချို့ တခါတရံမှာ ဖြစ်ပေါ်ခဲ့ပေမယ့် ကျွန်တော့်အတွက်ဆိုရင်တော့ ဆုဖလားအောင်ပွဲတွေက ချိုမြိန်လွန်းပါတယ်။ ကျွန်တော့်အတွက် အရေးကြီးတဲ့အရာကတော့ အသင်းအနေနဲ့ ဒီအခြေအနေကို သိထားဖို့၊ လာမယ့်ရာသီတွေအတွက် သတိထားစောင့်ကြည့်သွားဖို့ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော့်အသက်က ငယ်ပါသေးတယ်။ ဒါပေမယ့် အသက် ၃၀၊ ၃၁ နှစ်လောက်မှာ ဆိုရင် ကျွန်တော် ဒါမျိုးမလုပ်နိုင်တော့ပါဘူး။

ပွဲ ၆၀ လောက်ကစားဖို့ဆိုတာ ဘောလုံးသမားတစ်ဦးအတွက် ကောင်းမွန်တဲ့အရာတစ်ခုမဟုတ်တာကြောင့် “ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်သွားရပါမယ်။ ဘောလုံးရာသီတွေကလည်း တဖြည်းဖြည်းပိုရှည်လာသလိုပဲ။ ကျွန်တော်တို့ ဒါနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရပါမယ်”လို့ ပြောပါတယ်။

ထိပ်တန်းဘောလုံးသမားအများစုကလည်း ပုံမှန်မဟုတ်တဲ့ ပွဲစဉ်ဇယားရေးဆွဲမှုတွေအပေါ် ထုတ်ဖော်ပြောဆိုမှုတွေ လုပ်ထားပါတယ်။ အခုလို ပွဲကျပ်ဇယားကျပ်တည်မှုတွေက ကစားသမားတွေရဲ့ ပရော်ဖက်ရှင်နယ်သက်တမ်းကို တိုတောင်းစေသလို ဘဝနှောင်းပိုင်းကာလတွေမှာလည်း ထိခိုက်မှုတွေ ရှိစေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း ၃၂ သင်းမှ ၄၈ သင်းအထိ တိုးမြှင့်မှု၊ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်ကလပ်အသင်းအရေအတွက်ကို တိုးမြှင့်ရန်စီစဉ်နေမှုတွေက ကစားသမားတွေရဲ့အခက်အခဲကို မပြေလည်စေပါဘူး။ ဒါပေမယ့် အခုလိုအစီအစဉ်တွေက ပြိုင်ပွဲကျင်းပသူတွေအတွက် ဝင်ငွေတိုးမြှင့်စေတာကြောင့် ကစားသမားတွေရဲ့အခက်အခဲနဲ့ ပြိုင်ပွဲကျင်းပသူတွေရဲ့လိုအင်အကြား အဖြေတစ်ခုရှာဖွေဖို့ လိုအပ်နေပါတယ်။
မန်စီးတီးနဲ့ ရိုဒရီက ဒီနေ့ညပိုင်းမှာ ဘန်လေနဲ့ ယှဉ်ပြိုင်ကစားရင်း ပရီးမီးယားလိဂ်ရာသီသစ်ကို ဖွင့်လှစ်သွားရပါမယ်။

#မန်စီးတီး #ရိုဒရီ #ပရီးမီးယားလိဂ်