ရှေ့သို့
Image

ယူနိုက်တက်နဲ့ လိုက်လျောညီထွေဖြစ်ဖို့က အလွန်ခက်ခဲကြောင်းဖွင့်ဟလာတဲ့ ဝမ်ဘစ်ဆာကာ

11:35 AM, 11 August

မန်ချက်စတာယူနိုက်တက် ညာနောက်ခံလူ ဝမ်ဘစ်ဆာကာက အသင်းနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတာက ခက်ခဲကြောင်းဖွင့်ဟလာခဲ့ပေမယ့် ယခုအခါမှာတော့ နည်းပြတန်ဟက်လက်အောက်မှာ ခြေစွမ်းပြလာနိုင်တာကြောင့် စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက နည်းပြအဲရစ်တန်ဟက်ရဲ့လက်အောက်မှာ ခြေစွမ်းကောင်းတွေပြန်လည်ရရှိလာခဲ့တဲ့ အသက်-၂၅ နှစ်အရွယ် နောက်ခံလူဟာ မန်ချက်စတာယူနိုက်တက်ကစားသမားတစ်ယောက်ရဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ ကစားသမားဟာ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းအထိ ရရှိနေသော်လည်း စာချုပ်သစ် ချုပ်ဆိုပါက ပိုမိုများပြားတဲ့ပမာဏကို ရရှိမယ့်အလားအလာရှိနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်မှ ပေါင်သန်း ၅၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဘစ်ဆာကာဟာ ယူနိုက်တက်နဲ့ ၃ ရာသီကြာဖြတ်သန်းပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ အသင်းမှထွက်ခွာတော့မယ့် အရိပ်အယောင်တွေပြသခဲ့သော်လည်း တန်ဟက် ရောက်ရှိလာပြီးနောက်မှာတော့ ခြေစွမ်းကောင်းတွေရရှိလာတာကြောင့် ယခုအခါ စာချုပ်သက်တမ်းတိုးတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘန်ကောက်နဲ့ ဩစတေးလျသို့သွားရောက်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ဒီယေဂိုဒါလော့နဲ့ လူငယ်ကစားသမားအီသန်လိုက်တို့လောက် ဦးစားပေးခြင်းမခံခဲ့ရတဲ့ ဘစ်ဆာကာဟာ လီဗာပူးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ၃ ပွဲမြောက် ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ပွဲပြီးကာနီး ၄ မိနစ်သာလူစားဝင်ကစားခဲ့ရပြီးနောက် ၄ လကြာအသင်းရဲ့ လူစာရင်းနဲ့ဝေးကွာနေခဲ့တာဖြစ်ပါတယ်။

ထို့နောက်မှာတော့ နောက်ခံလူဟာ ဆောင်းရာသီအလယ်လောက်မှာ စပိန်နိုင်ငံရှိ လေ့ကျင့်ရေးစခန်းမှာ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး ဒါလော့ဆီမှ ၎င်းရဲ့နေရာကိုပြန်လည်ရရယူခဲ့တာကြောင့် ဒုတိယရာသီဝက်မှာ အသင်းအတွက်အဓိက ကစားသမားအဖြစ်ပါဝင်လာနိုင်ခဲ့ပါတယ်။ ဝမ်ဘစ်ဆာကာက ယူနိုက်တက်ကစားသမားဘဝမှာ အခက်အခဲများစွာကြုံတွေ့ခဲ့ရပြီး တန်ဟက်ရဲ့လမ်းညွှန်မှုတွေအပါအဝင် မိသားစုနဲ့ သူငယ်ချင်း‌တွေရဲ့ကျေးဇူးကြောင့် အခုလိုပြန်လာနိုင်ခဲ့တာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ကစားသမားက"အဲဒါကကျွန်တော့်အတွက် ခက်ခဲတဲ့အချိန်တစ်ချိန်ဖြစ်ခဲ့ပြီး အဲဒီအချိန်အတွင်းမှာ ကျွန်တော်လုပ်နိုင်တာဆိုလို့ ဆက်ကြိုးစားဖို့ပဲရှိပါတယ်။ ကျွန်တော့်နေရာအတွက် တိုက်ခိုက်ဖို့ဆာလောင်မှုတွေ၊ အသင်းအတွက်ကစားပေးချင်တဲ့စိတ်တွေနဲ့ နည်းပြရဲ့အထင်ကြီးမှုတွေရရှိပြီး အသင်းကိုကူညီနိုင်ဖို့အတွက် ခေါင်းငုံ့ပြီးကြိုးစားခဲ့ပါတယ်။ 'ပွဲထွက်မကစားရဘဲ ဘာလို့လေ့ကျင့်‌နေမှာလဲ' ဆိုတဲ့အတွေးတွေကိုဖျောက်ဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးခဲ့ရပါတယ်။ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ရမယ်ဆိုတဲ့အတွေးမျိုး ထားခဲ့ရပါတယ်။ ကျွန်တော့်မှာ လမ်းနှစ်လမ်းရှိခဲ့ပါတယ်။ အရန်ခုံမှာထိုင်ပြီး ပွဲထွက်ခွင့်မရတာကို ဂရုမစိုက်ဘဲ အပြစ်ထိုင်ပြောနေနိုင်တဲ့လမ်းရှိသလို၊ ပွဲထွက်ခွင့်အတွက် တကယ်ကြိုးစားနိုင်တဲ့လမ်းလည်းရှိခဲ့ပါတယ်။ ကျွန်တော့်အတွက်အကောင်းဆုံးလမ်းက ကြိုးစားဖို့ဖြစ်တယ်လို့ ထင်ခဲ့ပါတယ်။ ဒီလိုအခက်အခဲနဲ့ နေသားကျဖို့က မလွယ်ကူပါဘူး။ ကျွန်တော့်ရဲ့မိသားစုက ကျွန်တော့်ကို "အလုပ်ကြိုးစားပါ။ ယုံကြည်မှုရှိပါ။ မင်းအချိန်ရောက်လာလိမ့်မယ်" လို့နေ့တိုင်း အားပေးခဲ့ပါတယ်။ ဒီစကားက ကျွန်တော့်ကို နေ့ရက်တိုင်းကိုဖြတ်သန်းနိုင်အောင် ကူညီပေးခဲ့ပါတယ်"လို့ ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝမ်ဘစ်ဆာကာ #ပရီးမီးယားလိဂ်