ရှေ့သို့
Image

ဖရက်ဒ်အတွက် ဖီနာဘာချီရဲ့ ‌ပေါင် ၁၃ သန်းနဲ့ ကမ်းလှမ်းမှုကို သဘောတူလိုက်တဲ့ ယူနိုက်တက်

9:52 AM, 11 August

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနားကွင်းလယ်လူ အမ်မရာဘတ်ကို ခေါ်ယူနိုင်ရန် ဆွေးနွေးမှုတွေပြုလုပ်နေတာကြောင့် ယခုအခါကွင်းလယ်လူ ဖရက်ဒ်ကို ပေါင် ၁၃ သန်းနဲ့ ဖီနာဘာချီအသင်းထံ ရောင်းချသွားတော့မှာဖြစ်ပါတယ်။

ယခုနွေရာသီမှာ အသင်းမှထွက်ခွာဖို့စိတ်အားထက်သန်နေတဲ့ ဘရာဇီးကွင်းလယ်ကစားသမားရဲ့ ယူနိုက်တက်နဲ့ ‌စာချုပ်သက်တမ်းဟာ မကြာမီမှာပဲကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းက အသက်-၃၀ နှစ်အရွယ် ကစားသမားကို စိတ်ဝင်စားတဲ့အရိပ်အယောင်များပြသခဲ့သော်လည်း ယခုအခါမှာတော့ တူရကီသို့ပြောင်းရွှေ့ရန် ပိုမိုနီးစပ်နေတာဖြစ်ပါတယ်။

ရိုမန်နိုရဲ့အဆိုအရ ယူနိုက်တက်အနေနဲ့ ဖီနာဘာချီရဲ့ ပေါင် ၁၃ သန်းတန်ကမ်းလှမ်းချက်ကိုသဘောတူခဲ့ပြီးနောက် ဖရက်ဒ်ကို တူရကီသို့သွားရောက်ပြီး ဆေးစစ်မှုခံယူရန် မီးစိမ်းပြထားပြီလို့သိရှိရပါတယ်။ ဒါ့အပြင် ဖရက်ဒ်နေရာအတွက် အစားထိုးရန် အချိန်အ‌တန်ကြာပစ်မှတ်ထားနေခဲ့တဲ့ ဖီအိုရင်တီးနား ကွင်းလယ်ကစားသမား အမ်မရာဘတ်ကိုခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေပြီလို့ဆိုပါတယ်။

အမ်မရာဘတ်ဟာ အေဂျက်စ်မှာရှိစဉ်က အဲရစ်တန်ဟက်နဲ့လက်တွဲခဲ့ဖူးတာကြောင့် အပြောင်းအရွှေ့ အထမြောက်ဖွယ်ရှိနေပေမယ့် ဂျူဗင်တပ်စ်အသင်းကလည်း ယခုနွေရာသီမှာ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဖီအိုရင်တီးနားက အမ်မရာဘတ်ကို နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကာလ မကုန်ဆုံးမီမှာ ရောင်းချနိုင်ဖို့ ဆန္ဒရှိနေပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၁ ဒဿမ ၆ သန်းထိ အလိုရှိနေပါတယ်။

ဖရက်ဒ်ကို ရောင်းချဖို့သဘောတူညီခဲ့တဲ့ယူနိုက်တက်ဟာ နောက်ထပ်ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ ဗန်ဒီဘိခ်ကိုလည်း ရီးရဲလ်ဆိုစီဒက်သို့ ရောင်းချနိုင်ရန် ဆွေးနွေးညှိုနှိုင်းမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်ကစားသမား တိုမီနေးဟာလည်း ဝက်စ်ဟမ်းအသင်းသို့ ပေါင်သန်း ၄၀ နဲ့ရောက်ရှိဖို့ အလားအလာရှိနေပါတယ်။ ယူနိုက်တက်ဟာ မက်ဂွါရီကို ပေါင်သန်း ၃၀ နဲ့ရောင်းချရန် ဝက်စ်ဟမ်းအသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဖီနာဘာချီ #ဖရက်ဒ်