ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကိုင်စီဒိုကို ခေါ်ယူနိုင်တော့မယ့် လီဗာပူး
9:31 AM, 11 August
လီဗာပူးက ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူနိုင်ဖို့ အတော်လေးနီးစပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
The Athletic သတင်းဌာနရဲ့အဆိုအရ ယာဂန်ကလော့ပ်ရဲ့အသင်းဟာ ကိုင်စီဒိုအတွက် ပေါင်သန်း ၁၁၀ တန်ကြေးရှိ ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး ဒီကမ်းလှမ်းမှုအပေါ် ဘရိုက်တန်ကလည်း လက်ခံခဲ့တယ်လို့ သိရပါတယ်။ အသက်-၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ အခုနွေရာသီတလျှောက်လုံး ချဲလ်ဆီးအသင်းဆီ ရောက်ရှိမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် ဒီနေ့မှာတော့ လီဗာပူးကစားသမားသစ်ဖြစ်လာဖို့ နီးစပ်တဲ့အခြေအနေတစ်ခုကို ပိုင်ဆိုင်ခဲ့ပါပြီ။
ဘရိုက်တန်က အခုအပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှုတွေကို ကြာသပတေးနေ့၊ ညသန်းခေါင်အချိန်အထိသာ ခွင့်ပြုပေးမယ်လို့ ကြေညာခဲ့ပြီးနောက် ချဲလ်ဆီးရဲ့ ပေါင်သန်း ၁၀၀ တန် ကမ်းလှမ်းမှုကို လီဗာပူးရဲ့ ပေါင်သန်း ၁၁၀ တန် ကမ်းလှမ်းမှုက ကျော်ဖြတ်သွားခဲ့တာပါ။ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိဖို့က အန်ဖီးလ်ကလပ်အတွက် ပြဿနာတစ်ရပ်မဖြစ်စေဘဲ ဒီနေ့မှာပဲ ကိုင်စီဒိုကို ဆေးစစ်မှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
လီဗာပူးနဲ့ ကိုင်စီဒိုတို့ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းက ကစားသမားကိုခေါ်ယူဖို့ ကာလရှည်ကြိုးစားလာတဲ့ အနောက်လန်ဒန်ကလပ်အတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။ ချဲလ်ဆီးက ကိုင်စီဒိုအတွက် ဘရိုက်တန်ဆီ အကြိမ်ကြိမ်ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့် စက်တင်ဘာလဆန်းပိုင်းမတိုင်ခင် အခုအပြောင်းအရွှေ့ကို အဆုံးသတ်နိုင်မယ်လို့ ချဲလ်ဆီးတို့က မျှော်လင့်နေခဲ့ပါတယ်။
လက်ရှိမှာတော့ ချဲလ်ဆီးဟာ ၂၀၂၃-၂၀၂၄ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်ဆီ ကာလရှည်ကြိုးစားခဲ့ရတဲ့ ကစားသမားကို လက်လွှတ်ဆုံးရှုံးရဖို့ ဖြစ်လာခဲ့ပါတယ်။ အလားတူ ချဲလ်ဆီးရော၊ လီဗာပူးကပါ သူတို့ရဲ့ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ရည်ရွယ်ချက်နဲ့ ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာအပေါ် စိတ်ဝင်စားမှုတွေ အကြိမ်ကြိမ်ပြသကာ ပွတ်တိုက်မှုတွေ ရှိခဲ့ပါတယ်။
လီဗာပူးရဲ့ကမ်းလှမ်းမှုသုံးကြိမ်နဲ့ ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုတစ်ကြိမ်ကို ဆောက်သမ်တန်ဘက်က ကစားသမားအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ပမာဏအထိ မရောက်ရှိခဲ့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချထားခဲ့ပါတယ်။