ရှေ့သို့
Image

လိဒ်ယူနိုက်တက်စတား တိုင်လာအဒမ်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ချဲလ်ဆီး

8:33 AM, 11 August

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ လိဒ်ယူနိုက်တက်ကွင်းလယ်လူ တိုင်လာအဒမ်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

လိဒ်ယူနိုက်တက်စတားဟာ ကြာသပတေးနေ့ လန်ဒန်မှာ ဆေးစစ်မှာဖြစ်ပြီး လီဗာပူးအသင်းနဲ့ကစားမယ့်ပွဲမတိုင်ခင် မှတ်ပုံတင်နိုင်ဖို့ ချဲလ်ဆီးဘက်က မျှော်လင့်နေပါတယ်။ လိဒ်ယူနိုက်တက်အသင်းဟာ အဒမ်ကို မဆုံးရှုံးချင်ပေမယ့် စာချုပ်ပါအချက်အလက်အရ မဖြစ်မနေရောင်းချခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်သားဟာ ၂၀၂၂ ဇူလိုင်တုန်းက လိုက်ပ်ဇစ်ထံကနေ ပြောင်းလာခဲ့တာဖြစ်ပြီး လိဒ်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ကာ မတ်လတုန်းက တံကောက်ကြောဒဏ်ရာကြောင့် အနားယူခဲ့ရတာဖြစ်ပါတယ်။ အဒမ်ဟာ ပိုချက်တီနိုအတွက် ကွင်းလယ်ပိုင်းမှာ ရွေးချယ်စရာများလာနိုင်ပြီး အသင်းထံကနေ ကန်တီ၊ ကိုဗာဆစ်၊ လိုတပ်ဖ်ချိ၊ မေဆင်မောင့်တို့ကို ရောင်းထုတ်ထားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ကိုင်စီဒိုကိုလည်း ခေါ်ယူဖို့ လုပ်ဆောင်နေပေမယ့် ဘရိုက်တန်ဘက်က ကမ်းလှမ်းမှု ၂ ကြိမ်ကို ပယ်ချထားခဲ့ပြီး ဘရိုက်တန်ဘက်က ပေါင်သန်း ၁၀၀ လောက်အလိုရှိနေပါတယ်။ လီဗာပူးအသင်းကလည်း ကိုင်စီဒိုကို စိတ်ဝင်စားနေသလို လာဗီယားကိုလည်း ၂ သင်းက အပြိုင်စိတ်ဝင်စားနေပါတယ်။

လီဗာပူးအသင်းဟာ လာဗီယာအတွက် ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ဆောက်သမ်တန်က ပေါင်သန်း ၅၀ အထိ လိုချင်နေပါတယ်။

#ချဲလ်ဆီး #လိဒ်စ်ယူနိုက်တက် #အပြောင်းအရွှေ့ #တိုင်လာအဒမ်