ရှေ့သို့
Image

ယူနိုက်တက်ရဲ့တိုက်စစ်မှူးသစ် ဟွိုက်လန်းကို ချီးကျူးပြောဆိုခဲ့တဲ့ ဘာဘာတော့ဗ်

1:23 PM, 10 August

ယူနိုက်တက်၏ တိုက်စစ်မှူးအသစ်ဖြစ်သူ ဟွိုက်လန်းသည် 'ကြီးကျယ်သော တိုက်စစ်မှူး' အဖြစ် ပြောင်းလဲလာမည်ဟု ဘာဘာတော့ဗ်က ပြောကြားခဲ့ပါတယ်။ ဟွိုက်လန်းသည် ပြီးခဲ့သည့် သီတင်းပတ်က အတ္တလန္တာမှ အိုးထရက်ဖို့ဒ်သို့ ပေါင် ၇၂ သန်းဖြင့် ပြောင်းရွှေ့လာသော်လည်း ဒဏ်ရာကြောင့် ယူနိုက်တက် အသင်းအတွက် ပွဲဦးထွက်ကစားရန် အချိန်အနည်းငယ်စောင့်ရဦးမှာဖြစ်ပါတယ်။

ယူနိုက်တက်မန်နေဂျာဖြစ်သူ တန်ဟက်က ယခုနွေရာသီတွင် တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူရန် စိတ်အားထက်သန်နေပြီး တော့တင်ဟမ်မှ ဟယ်ရီကိန်းကို ခေါ်ယူရန်ကမ်းလှမ်းခဲ့သော်လည်း အဆင်မပြေမှုများကြောင့် အဆိုပါဒိန်းမတ် တိုက်စစ်မှူးကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း မန်နေဂျာက ၎င်းသည် အသက် ၂၀ အရွယ် တိုက်စစ်မှူးအား ပရီးမီးယားလိဂ်နှင့် လိုက်လျောညီထွေဖြစ်အောင် အချိန်အနည်းငယ်ပေးရမှာဖြစ်ပေမယ့် ယူနိုက်တက်တို့ တောင်းတနေသည့် နံပါတ် ၉ တိုက်စစ်မှူး အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့်ရာသီက ဟွိုက်လန်း သည် အတ္တလန္တာအတွက် ၃၄ ပွဲကစား ၁၀ ဂိုးသွင်းကာ ၄ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ထိုကိန်းဂဏန်းတွေက အလားအလာကောင်းသော နံပါတ်များဖြစ်သော်လည်း ကြီးမားသောရင်းနှီးမြုပ်နှံမှုမျိုးနှင့် ထိုက်တန်ကြောင်းပြသရန် သက်သေပြရမည့် အချက်များစွာရှိနေပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က တန်ဟက်ရဲ့ လမ်းညွှန်မှုနဲ့ သူ့ရဲ့အသင်းဖော်အသစ်တွေရဲ့ ပံ့ပိုးမှုအောက်မှာ လူငယ်တိုက်စစ်မှူးဟာ သေချာပေါက် တိုးတက်လာနိုင်ကြောင်းပြောကြားခဲ့ပါတယ်။

ဘာဘာတော့ဗ်က "ဟွိုက်လန်းဟာ ယူနိုက်တက်အတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုပါပဲ၊ သူဟာ အသက် ၂၀ အရွယ်ပဲ ရှိသေးတာဖြစ်ပြီး ပိုပြီးလေ့လာစရာတွေအများကြီး ရှိပါသေးတယ်။ ယူနိုက်တက်က သူ့ကို ပိုကောင်းအောင်သင်ပေးမယ့် နေရာဖြစ်မှာပါ။ ယူနိုက်တက်အသင်းက သူ့ကိုပထမဆုံး ကမ်းလှမ်းတုန်းက သူ့ကိုကြည့်ဖူးပြီး ရိုးရိုးသားသားပြောရရင် သူ့မှာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဖြစ်ဖို့ အလားအလာအများကြီးရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက တွန်းတွန်းတိုက်တိုက် ကစားတတ်တယ်၊ ပြိုင်ဘက်ကို ဖိအားပေးနိုင်တယ်၊ အရပ်ရှည်တယ်၊ လျင်မြန်တယ်၊ သန်မာတယ်၊ သူ့ရဲ့ ဘယ်ခြေ အပြင် ညာခြေနဲ့လည်း ဂိုးသွင်းနိုင်တယ်၊ အနေအထားအရ ဉာဏ်ကောင်းတယ်။ ဒါတွေအားလုံးဟာ ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေပါပဲ"

"လက်ရှိအချိန်မှာ တန်ဟက်က ဟွိုက်လန်းကို ရခဲ့ပြီး အခု သူ့ကို အသင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုစုပျိုးထောင်ဖို့ တာဝန်ယူရတော့မှာပါ။ ယူနိုက်တက်ရဲ့ ပတ်ဝန်းကျင်နဲ့ ကလပ်ရဲ့ ရပ်တည်ချက်ကို သင်ပေးပါလိမ့်မယ်။ သူ့ရဲ့ အရည်အသွေးတွေ အားလုံးနဲ့ ယူနိုက်တက်မှာ ကောင်းမွန်တဲ့ တိုက်စစ်မှူး ဖြစ်လာနိုင်ပါတယ်။ ကျွန်တော် မြင်တွေ့ခဲ့ရတာက သူ့အနေနဲ့ ကွင်းထဲမှာ ယုံကြည်မှုရှိပြီး ယူနိုက်တက်အတွက် သူ့ရဲ့ပထမဆုံးပွဲကစားပြီးတာနဲ့ ဒီယုံကြည်မှုကို ထိန်းထားဖို့ လိုပါတယ်။ ပရီးမီးယားလိဂ်မှာ ဘောလုံးကစားပုံက မြန်မြန်ဆန်ဆန်ကစားလေ့ရှိပါတယ်။ တိုက်စစ်မှာ သူ့ကို အားကောင်းပြီးတောက်ပအောင် ကူညီပေးနိုင်တဲ့ ကစားသမားတွေနဲ့ ဝန်းရံထားပါတယ်။ သူ့မှာ မေဆင်မောင့်၊ ဘရူနိုဖာနန်ဒက်စ်နဲ့ အဲရစ်ဆင်တို့လို အသင်းဖော်ကောင်းတွေလည်း ရှိပါတယ်။ သူက ပြေးတာ၊ မေးတာ၊ ဘောလုံးရှာတာ မရှက်တတ်ဘူး၊ အခွင့်အရေးရှိတဲ့အခါ သူက ယူတတ်ဖို့လိုတယ်။ မန်နေဂျာက သူ့ကိုယုံကြည်ထားတဲ အချက်ကိုအသုံးချပြီး သူ့ရဲ့အရည်အသွေးတွေကို သက်သေပြရပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်သည် လာမည့်တနင်္လာနေ့တွင် ၎င်းတို့၏ မန်နေဂျာ ဂျူလန်လိုပက်တယ်ဟီကို ဆုံးရှုံးလိုက်ရပြီးနောက် ကမောက်ကမဖြစ်နေသော ဝုဗ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘာဘာတော့ဗ် #ပရီးမီးယားလိဂ် #ဟွိုက်လန်း