ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်မှ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ ပါဗက်ကို ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်

11:20 AM, 10 August

ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘင်ဂျမင်ပါဗက်ဟာ ယခုနွေရာသီမှာပဲ အသင်းမှထွက်ခွာဖို့ဆန္ဒရှိနေပြီး ယခုအခါ မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ရန် ဆွေးနွေးညှိနှိုင်းမှုတွေစတင်လုပ်ဆောင်နေပြီလို့သိရှိရပါတယ်။ ပါဗက်ရဲ့ ဘိုင်ယန်မြူးနစ်ကစားသမားဘဝအနာဂတ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့‌ကာလမှာ အမျိုးမျိုးပြောင်းလဲနေပြီး အသင်းမှာပဲဆက်ရှိမှာလား ဒါမှမဟုတ် အသင်းမှထွက်ခွာမှာလားဆိုတာ မသေချာမရောရာတဲ့ အခြေအနေမှာရှိနေတာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ဟာ ဘိုင်ယန်မြူးနစ်နဲ့ လာမယ့် ၂၀၂၄ ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အပြောင်းအရွေ့ကာလမပြီးဆုံးခင်မှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့လည်း ကစားသမားကို နောက်နှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့် အခြေ‌အနေမျိုးကို ရှောင်ရှားလိုနေတာကြောင့် ယခုနွေရာသီမှာပဲ ရောင်းချဖို့ပြင်ဆင်သွားဖွယ်ရှိနေပါတယ်။ ပါဗက်သာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ်ချုပ်ဆိုခြင်းမရှိပါက ‌၎င်းကိုစိတ်ဝင်စားနေတဲ့အသင်းတွေ အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နိုင်ပြီး အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရရှိနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

Tz's Phillip Kessler ရဲ့အဆိုအရ ပါဗက်ဟာ ယခုနွေရာသီမှာပဲ ဘိုင်ယန်မြူးနစ်မှထွက်ခွာဖို့ စိတ်အားထက်သန်နေကြောင်း သိရှိရပါတယ်။ ဒါ့အပြင် နည်းပြသောမတ်စ်တူချယ်ကလည်း မကြာသေးမီက ပါဗက်ဟာ အသင်းမှာ ၁၀ နှစ်လောက်ကြာအောင်ရှိခဲ့တဲ့ ကစားသမားတစ်ယောက်လိုမျိုး ပြုမူ‌နေကြောင်း ဝေဖန်ပြောဆိုခဲ့တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားဆုရှင်အနေနဲ့ အသင်းကနေထွက်ခွာဖို့ ဆန္ဒပြင်းပြလာတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မကြာသေးမီက တန်ဟက်ရဲ့လူစာရင်းမှာ နေရာရနိုင်ချေမရှိတဲ့ နောက်ခံလူမက်ဂွါရီကို ဝက်စ်ဟမ်းအသင်းသို့ရောင်းချရန် သဘောတူညီမှုရရှိခဲ့တာကြောင့် လစ်လပ်သွားတဲ့ အင်္ဂလန်လက်ရွေးစင်နေရာမှာ ပါဗက်နဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ မေလအကုန်မှာ ဥရောပကွန်းဖရန့်လိဂ်ဖလားကို ဆွတ်ခူးထားတဲ့ ဝက်စ်ဟမ်းအသင်းကလည်း ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဒီကလန်ရိုက်စ်ကို အာဆင်နယ်ထဲရောင်းချပြီး သုံးစွဲရန်ဘဏ္ဍာငွေအလုံလောက်‌ရှိနေပေမယ့် ကစားသမားသစ် ဖြစ်ဖြစ်မြောက်မြောက်ခေါ်ယူထားနိုင်ခြင်း မရှိသေးတာကြောင့် မက်ဂွါရီကိုခေါ်ယူဖို့က သေချာသလောက်ရှိနေပါတယ်။

Sky Sports ကလည်း ခံစစ်ကိုဘက်စုံသုံးရတာ နှစ်ခြိုက်တဲ့ တန်ဟက်ရဲ့ကြောင့် ယူနိုက်တက်အနေနဲ့ ပါဗက်ကို ခေါ်ယူဖို့အလားအလာအလွန်ရှိနေပြီး ကစားသမားကလည်း ဘိုင်ယန်မြူး‌နစ်ကနေထွက်ခွာရန် စိတ်အားထက်သန်နေပြီး ယူနိုက်တက်သို့ပြောင်းရွှေ့ရန် စိတ်ဝင်စား‌နေတယ်လို့ဆိုပါတယ်။ ဘိုင်ယန်မြူးနစ်မှာတော့ နောက်ခံလူ ရာဖေးလ်ဂူရီယိုကဒဏ်ရာပြဿနာရှိနေပြီး ယခု ပါဗက်ကပါထွက်ခွာဖို့ပြင်ဆင်နေတာကြောင့် ခံစစ်ကိုအားဖြည့်ဖို့လိုအပ်နေပြီး နာပိုလီနောက်ခံလူ ကင်မင်ဂျေး နဲ့ ပီအက်စ်ဂျီမှထွက်ခွာသွားတဲ့ လူးကပ်စ်ဟာနန်ဒက်စ်တို့ကို အစားထိုးခေါ်ယူဖို့ ပစ်မှတ်ထားလာဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ပါဗက်