ရှေ့သို့
Image

လီဗာပူးပစ်မှတ်ကစားသမားကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ချဲလ်ဆီး

10:02 AM, 10 August

ဆောက်သမ်တန်ကွင်းလယ်ကြယ်ပွင့် လာဗီယာကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ချဲလ်ဆီးက အပိုထပ်ဆောင်းဆုကြေးတွေ ပါဝင်မယ့် ပေါင် ၄၈ သန်းတန် ကမ်းလှမ်းမှုနဲ့အတူ ပါဝင်လာခဲ့ပါတယ်။

ချန်ပီယံရှစ်ကလပ်ဘက်ကတော့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ အထိ သတ်မှတ်ထားပြီး လီဗာပူးရဲ့တတိယအကြိမ် ပေါင် ၄၆ သန်းတန်ကမ်းလှမ်းမှုကိုလည်း ပြီးခဲ့တဲ့တနင်္လာနေ့မှာ ပယ်ချခဲ့ပါတယ်။ ဝက်စ်ဟမ်းဆီ ကွင်းလယ်လူဝက်စ်ပရောက်ကို ပေါင်သန်း ၃၀ နဲ့ ရောင်းချဖို့ သဘောတူထားတဲ့ ဆောက်သမ်တန်က လာဗီယာအတွက် မန်ချက်စတာယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုလည်း မျှော်လင့်နေပါတယ်။

နိုင်ငံခြားကလပ်အသင်းတစ်ခုကလည်း အသက်-၁၉ နှစ်အရွယ် ဘယ်လ်ဂျီယံသားရဲ့ အပြောင်းအရွှေ့အလားအလာအပေါ် စုံစမ်းမှု ပြုလုပ်ထားပါတယ်။ ဆောက်သမ်တန်က လာမယ့်နွေရာသီမှာ မန်စီးတီးဟာ လာဗီယာကို ပေါင် ၄၅ သန်းဖြင့် ပြန်လည်ဝယ်ယူမယ်လို့ ယုံကြည်နေတာကြောင့် သူတို့ကစားသမားအတွက် လက်ရှိသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအပေါ် ယုံကြည်မှုအပြည့်ရှိနေပါတယ်။

ကွင်းလယ်ကစားသမားသစ်တွေ လိုအပ်နေတဲ့ ချဲလ်ဆီးက ပြောင်းရွှေ့ကြေးပေါင် ၁၀၅ သန်းအထိ ဈေးခေါ်ထားတဲ့ ကိုင်စီဒိုကိုခေါ်ယူနိုင်ဖို့ ဘရိုက်တန်နဲ့ ဆွေးနွေးနေသလို လိဒ်ကွင်းလယ်ကစားသမား တိုင်လာအဒမ်စ်ကိုလည်း ပေါင်သန်း ၂၀ ဖြင့် ကမ်းလှမ်းဖွယ် ရှိပါတယ်။ ချဲလ်ဆီးရဲ့ လာဗီယာကို ခေါ်ယူဖို့ ကမ်းလှမ်းလာမှုက လီဗာပူးရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုအပေါ် စမ်းသပ်ချက်တစ်ခု ဖြစ်လာပါတယ်။

အန်ဖီးလ်ကလပ်အနေဖြင့် လာဗီယာရဲ့အပြောင်းအရွှေ့အပေါ် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ (သို့မဟုတ်) ဖလူးမိနိစ်ကွင်းလယ်လူ အန်ဒရေကို ပစ်မှတ်အသစ်အဖြစ် ပြောင်းလဲဖို့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ရဖို့ ရှိလာပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့၊ လိဂ်တူးကလပ်ဂီလ်လင်ဟမ်နဲ့ ကစားရတဲ့ ဆောက်သမ်တန်ရဲ့ ကာရာဘောင်ဖလားပွဲစဉ် အတွက် အသင်းလူစာရင်းမှာ လာဗီယာ မပါဝင်လာခဲ့ပါဘူး။

ဘယ်လ်ဂျီယံကြယ်ပွင့်ကတော့ အခုနွေရာသီမှာ ဆောက်သမ်တန်အသင်းမှ ထွက်ခွာခွင့်ရဖို့ လိုလားနေပြီး သူ့အတွက် လီဗာပူးပေးချေမယ့် ပြောင်းရွှေ့ကြေးပမာဏက ဆောက်သမ်တန်တောင်းဆိုထားတဲ့ဈေးနဲ့ သိပ်မကွာတော့ပါဘူး။

ဆောက်သမ်တန်ကွင်းလယ်လူလာဗီယာနဲ့ပတ်သက်လို့ လီဗာပူးရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေဟာ စိတ်ကသိကအောက်ဖြစ်စရာတွေပဲလို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အန်ဖီးလ်ကလပ်ဂန္တဝင်ကစားသမား ကာရေဂါက ဝေဖန်ပြောဆိုထားပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ဆောက်သမ်တန် #အပြောင်းအရွှေ့ #လာဗီယာ