ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးအတွက် ချန်ပီယံလိဂ်ဖလားမဆွတ်ခူးနိုင်ခြင်းက ကျရှုံးမှုတစ်ခုဖြစ်တယ်လို့ ပြောလာတဲ့ ရူဒီဂါ

4:46 PM, 9 August

ရီးရဲလ်မက်ဒရစ်‌နောက်တန်းကစားသမား အန်တိုနီ ရူဒီဂါက ချန်ပီယံလိဂ်မဆွတ်ခူးနိုင်ခြင်းက ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးအတွက် ကျရှုံးမှုတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကကုန်ဆုံးခဲ့တဲ့ ‌၎င်းရဲ့ပွဲဦးထွက်ရာသီအတွက် ကလပ်အပေါ်ထင်မြင်ချက်တွေကိုဝေမျှခဲ့ပါတယ်။

၂၀၂၂-၂၃ ရာသီက ရူဒီအတွက် ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ ပထမဆုံးရာသီဖြစ်ခဲ့ပြီး ဂျာမန်ကစားသမားဟာ တစ်ဦးချင်းစွမ်းဆောင်ရည်မှာ အထင်ကြီးလောက်စရာခြေစွမ်းကိုပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီအတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့လာလီဂါလိဂ်အပေါ် ၎င်းရဲ့အမြင်များကို GQ မဂ္ဂဇင်းမှတဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။

ရူဒီဂါက"စပိန်ဘောလုံးကစားနည်းက အရမ်းကျွမ်းကျင်မှုရှိပါတယ်။ ဒီမှာကစားသမားကောင်းများစွာရှိပြီး အသင်းအတိုင်းက ဘောလုံးကို ကိုင်ကစားနိုင်ဖို့ပဲကြိုးစားနေကြတာပါ။ လူတိုင်းက အနောက်မှာထိုင်နေလိုစိတ်မရှိကြဘဲ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ကျွန်တော် ရီးရဲလ်မက်ဒရစ်မှာပျော်ပါတယ်။ ဒီမှာ အစားအသောက်အတွက် ရွေးချယ်စရာတွေအများကြီးရှိပြီး စပိန်အစားအစာတွေကိုလည်း ကျွန်တော်ကြိုက်ပါတယ်။ ဟင်းပွဲတော်တော်များများမှာတော့ ကျွန်တော့်ရဲ့ဘာသာရေးကြောင့် စားလို့မရတဲ့ ဝက်သားတွေရှိနေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်စပိန်ရိုးရာ ပါအဲယာထမင်းကိုတော့ စမ်းကြည့်ဖို့မျှော်လင့်နေပါတယ်။ ကျွန်တော်သဘောအကျဆုံး အချက်ကတော့ ဒီနေရာမှာ နေရာပေါင်းစုံကလူတွေရှိနေပေမယ့် အကုန်လုံးငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြတာဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ရူဒီဂါက လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်တဲ့ ၎င်းရဲ့အတွေးအမြင်တွေကိုလည်း ဝေမျှခဲ့ပါသေးတယ်။ ရူဒီဂါက"ကျွန်တော့်ကို တစ်ယောက်ယောက်က စပိန်မှာ လူမျိုးရေးခွဲခြားမှုရှိလားလို့မေးလာခဲ့ရင် မရှိဘူး လို့ပဲဖြေရမှာပဲ။ ကာဒစ်ဇ်မှာ ကျွန်တော့်ကို လူမျိုးရေးခွဲခြားခဲ့တယ်လို့ မီဒီယာတွေက ထုတ်လွှင့်ခဲ့ပေမယ့် တကယ်တော့ အထင်အမြင်လွဲနေတာပါ။ ကျွန်တော့်ကို လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းနဲ့ပြောဆိုတာကို မကြားမိခဲ့ပါဘူး။ ဒါပေမယ့် ဗင်နီစီးယက်စ်က လူမျိုးရေးခွဲခြားခံခဲ့ရလားလို့မေးရင်တော့ ဟုတ်တယ်လို့ ဖြေရမှာပါ။ ကျွန်တော့်ကို တိုက်ရိုက်လူမျိုးရေးခွဲခြားပြီး စော်ကားတာမဟုတ်ပေမယ့် ဗင်နီစီးယက်စ်ကို စော်ကားတာက ကျွန်တော့်ကို စော်ကားတာနဲ့အတူတူပါပဲ။ ဒါပေမယ့် ဒါကစပိန်မှာပဲဖြစ်ပျက်နေတာမဟုတ်ပါဘူး။ ကမ္ဘာပေါ်က နေရာတိုင်းမှာ ဖြစ်ပျက်နေတာပါ။ ဒီလိုစော်ကားတာက ပညာရေးချို့တဲ့တဲ့ လူတွေရဲ့အပြုအမူပါလို့ ကျွန်တော်ထပ်တလဲလဲပြောခဲ့ပါတယ်။ စပိန်လူမျိုးတိုင်းကိုဆိုလိုတာ မဟုတ်ပါဘူး။ အချို့ရူးကြောင်ကြောင်ကောင်တွေကို ရည်ရွယ်တာပါ။ လူမျိုးရေးခွဲခြားမှုကို သည်းမခံတဲ့ စပိန်နိုင်ငံသားတွေလည်းအများကြီးရှိပါတယ်။  ဒီနိုင်ငံမှာ လူမျိုးရေးခွဲခြားတာက လူနည်းစုပဲရှိတယ်ဆိုတာ ဖော်ပြဖို့ကအရေးကြီးပေမယ့် လုံးဝပျောက်ကွယ်သွားဖို့လည်း လိုအပ်ပါတယ်။ ပညာရေးက အရေးကြီးပြီး ကျွန်တော်တို့လူသားအားလုံးဟာ တန်းတူဖြစ်ကြောင်း လူတိုင်းသဘောပေါက်ဖို့ကလည်း အလွန်အရေးကြီးပါတယ်"လို့ပြောကြားခဲ့ပါတယ်။

ထို့နောက် ချန်ပီယံလိဂ်ဖလားရဲ့ အရေးပါမှုကိုမေးမြန်းခဲ့ရာ ကစားသမားက"ရိုးရိုးသားသားပြောရရင် ကျွန်တော့်ကိုယ်ကျွန်တော် အရာရာကိုအောင်နိုင်ပြီလို့ မခံစားရပါဘူး။ ကျွန်တော့်ရဲ့အဓိကပန်းတိုင်တွေထဲကတစ်ခုက ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ချန်ပီယံလိဂ်မဆွတ်ခူးနိုင်တာက ကျရှုံးမှုတစ်ခုနဲ့ကြုံတွေ့ရသလိုပါပဲ။ အခုကာလက ကျွန်တော့်ကစားသမားဘဝရဲ့ အထွတ်အထိပ်ကာလပါပဲ။ ကျွန်တော့်အသက် ၃၀ ရှိပြီဆိုပေမယ့် ဆုဖလားတွေဆာလောင်နေတုန်းပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဂျာမန်နောက်ခံလူက ဟာလန်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့အဖြစ်အပျက်ကိုပြောဆိုပြီး ၎င်းရဲ့အင်တာဗျူးကို အဆုံးသတ်ခဲ့ပါတယ်။ ရူဒီဂါက"အေးအေးဆေးဆေးပါပဲ။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ၁၀၀% ပြင်ဆင်ထားနိုင်ရင် ကျွန်တော့်ကိုယ်ကျွန်တော်ဘယ်လောက်ထိ ကောင်းနိုင်လဲဆိုတာ သိပါတယ်။ ဟာလန်းနဲ့ အခြေအနေတစ်ခုဖန်တီးနိုင်ခဲ့ပြီး အဲဒီလိုအခြေအနေမျိုးကို သဘောကျပါတယ်။ ပွဲမစခင် ရက်ပိုင်းအလိုမှာ မီဒီယာတွေက ကျွန်တော့်အနေနဲ့ ဟာလန်းကိုရင်ဆိုင်နိုင်ပါ့မလားလို့ မေးခွန်းထုတ်လာခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုမျိုး လူတွေမေးခွန်းထုတ်ရလောက်အောင်တောက်ပြောင်လာတဲ့အပေါ် ကျေနပ်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ရူဒီဂါ #ရီးရဲလ်မက်ဒရစ်