ရှေ့သို့
Image

ဒေးဗစ်ရာယာကို ပေါင်သန်း၃၀နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ အာဆင်နယ်

1:03 PM, 9 August

အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကို ပေါင်သန်း၃၀နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

စပိန်သားဟာ ဂန်းနားတွေနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုလည်းရထားတာကြောင့် ယခုအပတ်အတွင်း မြောက်လန်ဒန်ကလပ်မှာ ဆေးစစ်မှုခံယူဖို့ ရှိနေပါတယ်။ ယမန်နေ့ညက ဆွေးနွေးမှုတွေမှာ နှစ်သင်းကြား သဘောတူညီမှုရခဲ့တာဖြစ်ပြီး ရာယာဟာ အာဆင်နယ်နဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုသွားဖွယ် ရှိနေပါတယ်။

ရာယာဟာ အာဆင်နယ်နံပါတ်တစ်ဂိုးသမားနေရာအတွက် အဓိကဂိုးသမား ရမ်းစ်ဒေးနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ရမ်းစ်ဒေးဟာ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ လက်စွမ်းပြကာ ရိုဒရီရဲ့ ပင်နယ်တီကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။

နည်းပြအာတီတာကတော့ ဂိုးသမားနေရာကို ပြိုင်ဆိုင်မှုပြင်းထန်စေဖို့အတွက် ရာယာကို ခေါ်ယူလိုက်တာဖြစ်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ဘရန့်ဖို့ဒ် အသင်းကလည်း ၂၀၁၉ခုနှစ်က ပေါင်၂.၇သန်းနဲ့ခေါ်ယူထားတဲ့ ဂိုးသမားကို ပေါင်သန်း၃၀နဲ့ ရောင်းချလိုက်ရတာကြောင့် ဒီအပြောင်းအရွှေ့မှာ အမြတ်ထွက်ခဲ့တယ်လို့ ဆိုရမှာပါ။
 
အာဆင်နယ်ရဲ့ ကနဦးကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ကာ ပေါင်သန်း၄၀ တောင်းဆိုခဲ့ပေမယ့် ရာယာရဲ့တောင်းဆိုမှုကြောင့် ဘရန့်ဖို့ဒ်ဘက်က စျေးလျော့ပေးခဲ့ပါတယ်။ ရာယာရောက်လာတာကြောင့် နံပတ်နှစ်ဂိုးသမားဖြစ်တဲ့ မတ်တာနာဟာ နော်တင်ဟမ်ဖောရက်စ်အသင်းထံ ပြောင်းရွှေ့တော့မယ်လို့လည်း သိရပါတယ်။

ရာယာဟာ ယမန်နှစ်ရာသီက clean sheet ၁၂ကြိမ်ရခဲ့ပြီး ရမ်းစ်ဒေးထက် ၂ကြိမ်ပိုသာခဲ့ကာ အိုနာနာကို မခေါ်ယူခင် ယူနိုက်တက်ကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။

#အာဆင်နယ် #ဘရန့်ဖို့ဒ် #အပြောင်းအရွှေ့ #ရာယာ