ရှေ့သို့
Image

ရိုမန်အေဘရာမိုဗစ်ချ်လက်ထက် ငွေပေးချေမှုများအတွက် ချဲလ်ဆီးကို စုံစမ်းစစ်ဆေးဖွယ်ရှိတဲ့ ပရီးမီးယားလိဂ်

11:21 AM, 9 August

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ပိုင်ရှင်ဟောင်းရိုမန်အေဘရာမိုဗစ်ချ်လက်ထက် ချဲလ်ဆီးအသင်းရဲ့ ငွေပေးချေမှုတွေကို စုံစမ်းစစ်ဆေးသွားဖွယ် ရှိပါတယ်။

The Times သတင်းဌာနရဲ့အဆိုအရ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ရိုမန်ဘရာမိုဗစ်ချ်ပိုင်ဆိုင်ထားချိန်ကာလ အတွင်း ချဲလ်ဆီးအသင်းရဲ့ နိုင်ငံရပ်ခြားအခြေစိုက်လျှို့ဝှက်ကုမ္ပဏီတွေဆီ သံသယရှိစရာ ငွေပေးချေမှုတွေ အပေါ် စုံစမ်းစစ်ဆေးမယ်လို့ သိရပါတယ်။ အဲ့ဒီကာလတွေအတွင်း ချဲလ်ဆီးအသင်းက ပေါင်သန်းပေါင်းများစွာတန်ကြေးရှိ ငွေကြေးတွေကို အခုလိုပုံစံမျိုးတွေနဲ့ ပေးချေခဲ့တယ်လို့ စွပ်စွဲခံထားရကာ စုံစမ်းစစ်ဆေးမှုတွေအပြီး အပြစ်ရှိကြောင်း ထင်ထင်ရှားရှားတွေ့ရှိပါက ကြီးမားတဲ့ဒဏ်ကြေးအပြင် ရမှတ်လျှော့ပြစ်ဒဏ်တွေကိုပါ ခံယူရနိုင်ပါတယ်။

ကစားသမားသစ်တွေအတွက် ငွေကြေးအမြောက်အများသုံးစွဲကာ အသင်းဆီခေါ်ယူနေချိန်မှာပဲ ချဲလ်ဆီးနဲ့ပတ်သက်တဲ့ နောက်ဆုံးစုံစမ်းစစ်ဆေးမှု ပေါ်ထွက်လာခဲ့တာပါ။ ၂၀၂၂ ခုနှစ်အတွင်း ရိုမန်အေဘရာမိုဗစ်ချ် ထွက်ခွာသွားပြီးနောက် ပိုင်ရှင်သစ် တော့ဒ်ဘိုလေလက်ထက်မှာ ချဲလ်ဆီးက ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ပေါင်သန်း ၆၀၀ ကျော် သုံးစွဲခဲ့ပေမယ့် ပိုင်ရှင်ဟောင်းလက်ထက် ကစားသမားခေါ်ယူမှုတွေအတွက်လည်း ငွေပေးချေရဆဲပဲလို့ ယူဆနိုင်ပါတယ်။

သြဂုတ် ၁၃ ရက်၊ လီဗာပူးနဲ့ ရင်ဆိုင်ပြီး ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်ကို ဖွင့်လှစ်ရတော့မယ့်အချိန်မှာ ချဲလ်ဆီးပရိသတ်တွေက ကွင်းတွင်းရလဒ်ကောင်းတွေ ရယူနိုင်ဖို့အပြင် အခုလို စုံစမ်းစစ်ဆေးမှုတွေနဲ့အတူ မလိုလားအပ်တဲ့အကျိုးဆက်တွေ ထွက်ပေါ်မလာအောင် ဆုတောင်းနေကြပါလိမ့်မယ်။

#ချဲလ်ဆီး #အေဘရာမိုဗစ်ချ် #ပရီးမီးယားလိဂ်