ရှေ့သို့
Image

စိုးရိမ်စရာအပြောင်းအရွှေ့လှုပ်ရှားမှုတွေ ရှိနေချိန် ယုံကြည်မှုအပြည့်ထားရှိဖို့ ပြောဆိုလိုက်တဲ့ ဗန်ဒိုက်

10:30 AM, 9 August

လီဗာပူးရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် စိုးရိမ်မှုတွေ တိုးပွားလာနေပေမယ့် နောက်ခံလူ ဗန်ဒိုက်ကတော့ အသင်းအပေါ် ယုံကြည်မှုထားရှိဖို့ ပြောဆိုလိုက်ပါတယ်။

လီဗာပူးက ချိန်ဘာလိန်၊ ကီတာတို့ရဲ့နေရာမှာ မက်အယ်လစ္စတာ၊ ဆိုဘိုဆလိုင်းတို့လို ကစားသမားတွေနဲ့ အစားထိုးပြီး အခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်ကို အကောင်းမွန်ဆုံး စတင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ မီလ်နာ၊ ဖာမီနိုတို့ကို ထွက်ခွာခွင့်ပေးခဲ့ပြန်ပါတယ်။

ဒါပေမယ့် ဟန်ဒါဆန်၊ ဖာဘင်ဟိုတို့လို အဓိက ကစားသမားတွေကိုပါ ဆော်ဒီပရိုလိဂ်ကလပ်တွေဆီ ရောင်းချလိုက်ချိန်မှာတော့ အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို မေးခွန်းထုတ်လာခဲ့ပါတယ်။ အလားတူ ဆောက်သမ်တန်ကြယ်ပွင့်ကွင်းလယ်လူလာဗီယာကို ခေါ်ယူနိုင်ရေး လှုပ်ရှားမှုတွေကလည်း အခုအချိန်အထိ အပြီးမသတ်နိုင်သေးပါဘူး။

Liverpool Echo နဲ့တွေ့ဆုံချိန် ဗန်ဒိုက်က “အသင်းပရိသတ်တွေရဲ့စိုးရိမ်ပူပန်မှုကို ကျွန်တော် နားလည်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အရမ်းကို အဆိုးမြင်တက်တဲ့ ပုဂ္ဂိုလ်မျိုးမဟုတ်လို့ အခုလိုစိုးရိမ်မှုရှိနေတဲ့အတွေးတွေ ကျွန်တော့်စိတ်ထဲမှာ ရှိမနေပါဘူး။ ဒါပေမယ့် လက်ရှိမှာ ကစားသမားတွေအများကြီး အသင်းမှထွက်ခွာသွားပါတယ်။ အသင်းကပ္ပတိန်ရော၊ ဒု-ကပ္ပတိန်ပါ အသင်းမှ ထွက်ခွာသွားတာပါ။ ကစားသမားသစ်နှစ်ဦးပဲ ဝင်လာပါသေးတယ်။ ပြီးတော့ ကျွန်တော်တို့အသင်း ကစားပုံက ဘောလုံးပိုင်ဆိုင်ထားချိန်မှာ အရမ်းကောင်းပေမယ့် ခံစစ်ကစားချိန်မှာတော့ ပေးဂိုးတွေ ခွင့်ပြုထားရလို့  ဒါက မကောင်းပါဘူး။ ကျွန်တော့်အနေနဲ့လည်း ပရိသတ်တွေရဲ့သံသယတွေအပေါ် နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ အရေးအကြီးဆုံးအရာက အသင်းကစားသမားတွေအကြား  အသင်းလိုက်စုစည်းညီညွှတ်မှုပဲဖြစ်ပါတယ်”

“နောက်ထပ်ကစားသမားသစ်တွေ ဆက်ဝင်လာဦးမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။ ပြီးရင်တော့ ရှည်လျားတဲ့ဘောလုံးရာသီတစ်ခုအတွက် နောက်တစ်ကြိမ်ပြန်အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်ထားရပါမယ်။ ကျွန်တော်တို့ ယုံကြည်ချက်ရှိသင့်သလို ယုံကြည်ချက်ရှိဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ နေ့စဉ်နေ့တိုင်း အရာရာတိုင်းကို သင်ယူလေ့လာနေပါတယ်။ အောင်မြင်မှုခရီးစဉ်တွေမှာ အရေးပါတဲ့အခန်းကဏ္ဍအတွင်း ပါဝင်ခဲ့တဲ့ ကစားသမားတွေ အသင်းမှထွက်ခွာသွားပေမယ့် ကျန်ကစားသမားတွေကတော့  ဒီအဆင့်ဆီ တက်လှမ်းသွားရပါမယ်။ ကျွန်တော့်အမြင်အရတော့ အရမ်းကိုကောင်းမွန်တဲ့ စိန်ခေါ်မှုတစ်ခုပါ။ ကျွန်တော်တို့ စိတ်လှုပ်ရှားသင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရှေ့ခရီးဆက်ကြရအောင်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရလဒ်ပိုင်းတွေဆိုးရွားပြီး ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ လီဗာပူးက အခုဘောလုံးရာသီသစ်မှာတော့ တိုးတက်မှုတွေ ပြသဖို့ လိုအပ်နေပါတယ်။ ရှေ့ခရီးစဉ်တွေအတွက်တော့ စိုးရိမ်စရာနည်းနည်းလေး ရှိနေပါတယ်။ မိုဆာလက်၊ ဂတ်ပိုနဲ့ ဂျိုတာတို့လို တိုက်စစ်မှူးတွေက ရာသီကြိုခြေစမ်းပွဲစဉ်ငါးပွဲမှာ သုံးဦးပေါင်း ရှစ်ဂိုးအထိ သွင်းယူပြီး အကောင်းဆုံးပုံစံပြသထားပေမယ့် အသင်းရဲ့ခံစစ်ပိုင်းကတော့ အသိအမှတ်ပြုဖွယ်ကွင်းလယ်ခံစစ်ကစားသမားမရှိခြင်းနဲ့ အတူ လုံလောက်တဲ့ကောင်းမွန်မှုမျိုး မပြသနိုင်ခဲ့ပါဘူး။

ယာဂန်ကလော့ပ်ရဲ့အသင်းက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ကို သြဂုတ် ၁၃ ရက်၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ရင်ဆိုင်ကစားရင်း ဖွင့်လှစ်သွားရပါမယ်။

#လီဗာပူး #ဗန်ဒိုက် #ပရီးမီးယားလိဂ်