ရှေ့သို့
Image

ကစားသမားသစ် ခေါ်ယူနိုင်ဖို့ ဗန်ဒီဘိခ်နဲ့ ဖရက်ဒ်တို့ကို ရောင်းချတော့မယ့် ယူနိုက်တက်

2:20 PM, 8 August

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနား ကွင်းလယ်ကြယ်ပွင့် အမ်မရာဘတ်ကို ခေါ်ယူနိုင်ရန်အတွက် ဘဏ္ဍာငွေရှာဖွေဖို့လိုအပ်နေတာကြောင့် အသင်းရဲ့ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဗန်ဒီဘိခ်နဲ့ ဖရက်ဒ်တို့ကို ယခုရက်သတ္တပတ်အတွင်း ရောင်းချနိုင်ရန်စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က အတ္တလန္တာကြယ်ပွင့် ဟွိုက်လန်းကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်တို့ဟာ နောက်ထပ်အပြောင်းအရွှေ့တွေပြုလုပ်နိုင်ဖို့ ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဗန်ဒီဘိခ်ကို လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက်သို့ ရောင်းချနိုင်ဖို့ မျှော်လင့်နေပြီး နောက်ထပ်ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ ဖရက်ဒ်ကလည်း ယခုတစ်ပတ်အတွင်း အသင်းမှ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဗန်ဒီဘိခ်အပြောင်းအရွှေ့အတွက် ယူနိုက်တက်တို့ဟာ ရီးရဲလ်ဆိုစီဒက်ရဲ့အကြီးအကဲတွေနဲ့ ဆွေးနွေးနေကြပြီး မကြာမီအချိန်အတွင်း တိကျတဲ့အဖြေထွက်လာတော့မယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် Daily mail ရဲ့ဖော်ပြချက်အရ  ဖရက်ဒ်ဟာလည်း နောက်အပတ်တနင်္လာနေ့မှာကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ် မတိုင်ခင်မှာပဲ အသင်းမှထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘရာဇီးလ်သားကို ဖူလ်ဟမ်နဲ့ ဂါလာတာစာရေးတို့ကစိတ်ဝင်စားနေကြသော်လည်း နှစ်သင်းစလုံးဟာ ယူနိုက်တက်တောင်းဆိုထားတဲ့ဈေးနှုန်းနဲ့ ကိုက်ညီခြင်းမရှိသေးပါဘူး။ ယူနိုက်တက်အနေနဲ့လည်း ၎င်းတို့ရဲ့ပစ်မှတ် အမ်မရာဘတ်ကို ခေါ်ယူနိုင်ရေးအတွက် အဆိုပါကွင်းလယ်ကစားသမားနှစ်‌ဦးစလုံးကို ရောင်းချချင်နေတာဖြစ်ပါတယ်။

ဖီအိုရင်တီးနားအသင်းက ၎င်းတို့ရဲ့ အသက်-၂၆ နှစ်အရွယ် မော်ရိုကိုကြယ်ပွင့် အမ်မရာဘတ်အတွက် ‌ပေါင်သန်း ၃၀ ဝန်းကျင် လိုချင်နေပြီး ကစားသမားဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေပါသေးတယ်။ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ မော်ရိုကိုအသင်းနဲ့အတူတောက်ပခဲ့တဲ့ အမ်မရာဘတ်ရဲ့ခြေစွမ်းကို ဥရောပအင်အားကြီး အသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ အက်သလက်တီကိုမက်ဒရစ်နဲ့ လီဗာပူးတို့အပါအဝင် အခြားကလပ်အသင်းများစွာက မျက်စိကျနေပြီး ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့လည်း အမ်မရာဘတ်ကိုမခေါ်ယူနိုင်ပါက အစားထိုးခေါ်ယူမှုပြုလုပ်ရန် လိဒ်ယူနိုက်တက်မှ တိုင်လာအဒမ်စ်နဲ့ အဲဗာတန်မှ အိုနာနာတို့ကို ပစ်မှတ်ထားနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဗန်ဒီဘိခ် #ဖရက်ဒ်