ရှေ့သို့
Image

လီဗာပူးရဲ့လတ်တလောအပြောင်းအရွှေ့လှုပ်ရှားမှုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကာရေဂါ

11:36 AM, 8 August

ဆောက်သမ်တန်ကွင်းလယ်လူလာဗီယာနဲ့ ပတ်သက်လို့ လီဗာပူးရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေဟာ စိတ်ကသိကအောက်ဖြစ်စရာတွေပဲလို့ အန်ဖီးလ်ကလပ်ဂန္တဝင်ကစားသမား ကာရေဂါက ဝေဖန်ပြောဆိုလိုက်ပါတယ်။

လီဗာပူးက ရာသီသစ်မစတင်ခင်ချိန်မှာပဲ မက်အယ်လစ္စတာ၊ ဆိုဘိုဆလိုင်းတို့လို ကစားသမားကောင်းတွေ ခေါ်ယူပြီး ကွင်းလယ်ပိုင်းအင်အားတောင့်တင်းဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမယ့် ဂျော်ဒန်ဟန်ဒါဆန်၊ ဖာဘင်ဟို၊ ချိန်ဘာလိန်နဲ့ ကီတာတို့ ထွက်ခွာသွားမှုနဲ့အတူ လီဗာပူးဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင် ကွင်းလယ်ကစားသမားသစ်တွေ ရှာဖွေရဖို့ ဖြစ်တည်လာပါတယ်။

ဒါကြောင့်ပဲ လီဗာပူးက ကာလရှည်စောင့်ကြည့်ခဲ့တဲ့ ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာကို ခေါ်ယူနိုင်ရေး ပေါင် ၄၅ သန်းအထိ အသုံးပြုဖို့ ပြင်ဆင်လာပါတယ်။ ဒါပေမယ့် ချန်ပီယံရှစ်ကလပ်ဘက်က ကစားသမားအတွက် သူတို့ရဲ့ခေါ်ဈေးဖြစ်တဲ့ ပေါင်သန်း ၅၀ အောက် လျော့နည်းတဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့ပါတယ်။

ကာရေဂါကတော့ လီဗာပူးရဲ့ လာဗီယာ ခေါ်ယူရေးလှုပ်ရှားမှုတွေအပေါ် ဝေဖန်ပြောဆိုလိုက်ပြီး အသင်းဟောင်းအနေဖြင့် ဘရိုက်တန်ကွင်းလယ်ကစားသမား ကိုင်စီဒိုအတွက် ကမ်းလှမ်းမှုတွေ ဘာကြောင့်မလုပ်တာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

Twitter လူမှုကွန်ရက်မှတဆင့် ကာရေဂါက “ဒါက စိတ်ကသိကအောက်ဖြစ်စရာပါ။ လတ်တလောနှစ်တွေအတွင်း လီဗာပူးက အပြောင်းအရွှေ့တွေကို ရေးကြီးခွင်ကျယ်လုပ်တာမျိုးမရှိဘဲ လျှင်လျှင်မြန်မြန် အဆုံးသတ်နိုင်ခဲ့တယ်။ လာဗီယာက ပေါင်သန်း ၅၀ မတန်ဘူးဆိုရင် မခေါ်နဲ့လေ။ တန်တယ်ထင်ရင်တော့ ခေါ်ပေါ့။ ကိုင်စီဒိုကိုလည်း ဘာကြောင့်မကမ်းလှမ်းတာလဲ စဉ်းစားလို့မရဘူး။ မှန်ပါတယ်၊ ဒါက ကြီးမားတဲ့ငွေကြေးပမာဏတစ်ရပ်ပါ။ ဒါပေမယ့် ဟန်ဒါဆန်၊ ဖာဘင်ဟိုတို့ကို ရောင်းချမှုတွေအတွက် လီဗာပူးက ငွေကြေးအများအပြားရရှိထားပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ရှက်ဖီးဝက်စ်နက်စ်ဒေးကို အနိုင်ရရှိတဲ့ ဆောက်သမ်တန်ရဲ့ ချန်ပီယံရှစ်ရာသီအဖွင့်ပွဲစဉ်မှာ လာဗီယာက အရန်ခုံတန်းပေါ်မှာပဲ ရှိနေခဲ့ပါတယ်။ မန်စီးတီးအကယ်ဒမီထွက်ကွင်းလယ်ကစားသမားက ပြီးခဲ့တဲ့နှစ်မှာ ဆောက်သမ်တန်ဆီ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ ပွဲအထိ ပါဝင်ကစားပေးကာ အတောက်ပဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။

အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင် လီဗာပူးခေါ်ယူလိုနေတဲ့ ချန်ပီယံရှစ်ကြယ်ပွင့်ကတော့ လာဗီယာ တစ်ဦးတည်းမဟုတ်ပါဘူး။ မာဆေးဆိုဒ်ဒေသခံကလပ်က လက်စတာကွင်းလယ်လူဟောလ်ကိုလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

ဒါပေမယ့် လီဗာပူးပရိသတ်အချို့ကတော့ လက်စတာကစားသမားဟာ အသင်းအတွက် မှန်ကန်သင့်တော်သူ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

#လီဗာပူး #ဆောက်သမ်တန် #အပြောင်းအရွှေ့ #ကာရေဂါ #လာဗီယာ