ရှေ့သို့
Image

လာဗီယာအတွက် လီဗာပူးရဲ့ပေါင် ၄၆ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြန်တဲ့ ဆောက်သမ်တန်

10:38 AM, 8 August

ဆောက်သမ်တန်ကွင်းလယ်ကြယ်ပွင့် လာဗီယာအတွက် လီဗာပူးရဲ့ ပေါင် ၄၆ သန်းတန် တတိယအကြိမ် ကမ်းလှမ်းမှုကလည်း ထပ်မံပယ်ချခံခဲ့ရပါတယ်။

ယာဂန်ကလော့ပ်ရဲ့အသင်းက လာဗီယာကို ခေါ်ယူနိုင်ဖို့ နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ဖူးပေမယ့် ချန်ပီယံရှစ်ကလပ်က ပယ်ချခဲ့တာကြောင့် အခုအချိန်မှာတော့ မာဆေးဆိုဒ်ဒေသခံကလပ်အနေဖြင့် ပေါင် ၄၆ သန်းတန် ကမ်းလှမ်းမှုကို လုပ်ဆောင်လာခဲ့တာပါ။

ရှက်ဖီးဝက်စ်နက်စ်ဒေးနဲ့ ရင်ဆိုင်ရတဲ့ ဆောက်သမ်တန်ရဲ့ချန်ပီယံရှစ်ရာသီ အဖွင့်ပွဲစဉ်မှာ လာဗီယာက အရန်ခုံတန်းပေါ်မှာပဲ ရှိနေခဲ့တာကြောင့် လီဗာပူးနဲ့အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ နီးစပ်လာပြီလို့ ခန့်မှန်းမှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ လာဗီယာအတွက် တတိယအကြိမ် ပြောင်းရွှေ့ကြေးတိုးမြှင့်ကမ်းလှမ်းမှုကိုလည်း ဆောက်သမ်တန်က ပြတ်ပြတ်သားသားပယ်ချလိုက်တယ်လို့ Sky Sports သတင်းဌာနမှာ ဖော်ပြလာပါတယ်။

အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့အတွက် ကလပ်အသင်းနှစ်ခုအကြား ဆွေးနွေးမှုတွေ ဆက်ရှိနေသေးပေမယ့် စိန့်တွေကတော့ သူတို့ရဲ့မူရင်းခေါ်ဈေး ပေါင်သန်း ၅၀ ကို လျှော့ချပေးဖို့ အလားအလာ မရှိပါဘူး။ မန်စီးတီးအကယ်ဒမီထွက်ကွင်းလယ်ကစားသမားက ပြီးခဲ့တဲ့နှစ်မှာ မန်ချက်စတာအခြေစိုက်ကလပ်မှ ဆောက်သမ်တန်တို့ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။

လူငယ်ကွင်းလယ်ကစားသမားလေးက ဆောက်သမ်တန်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ ပွဲအထိ ပါဝင်ကစားပေးပြီး အင်္ဂလန်အဆင့်မြင့်ဆုံး ဘောလုံးလိဂ်မှာ အတောက်ပဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့ပေမယ့် ကလပ်အသင်းကို တန်းဆင်းဇုန်လွတ်မြောက်စေလိုတဲ့ သူ့ရဲ့ဆန္ဒ မပြည့်မြောက်ခဲ့ပါဘူး။

လီဗာပူးရဲ့အခုတစ်ကြိမ်ကမ်းလှမ်းမှုဟာ ဒုတိယအကြိမ်ကမ်းလှမ်းမှုထက် ပေါင်ငါးသန်းအထိ တိုးမြှင့်ထားခဲ့ပေမယ့် ဆောက်သမ်တန်ရဲ့မူရင်းခေါ်ဈေးအောက် လျော့နည်းနေဆဲဖြစ်ပါတယ်။ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ဟန်ဒါဆန်၊ ဖာဘင်ဟိုတို့လို ဝါရင့်ကွင်းလယ်ကစားသမားတွေ အသင်းမှထွက်ခွာသွားပြီးနောက် ယာဂန်ကလော့ပ်က ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင် အသင်းရဲ့ ကွင်းလယ်ပိုင်းကို နောက်ထပ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ လိုလားနေပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကလည်း ကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် လီဗာပူးကသာ ဒီအပြောင်းအရွှေ့မှာ ရှေ့မှဦးဆောင်နေတဲ့ အသင်းဖြစ်ပါတယ်။ လာဗီယာက ဆောက်သမ်တန်နဲ့ ရာသီကြိုအစီအစဉ်တွေ အပြည့်အဝပူးပေါင်းလေ့ကျင့်ထားတာကြောင့် လာမယ့်ရာသီသစ်ပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

ဒါပေမယ့် အခုအပြောင်းအရွှေ့သာ သဘောတူညီမှုတစုံတရာမရရှိခဲ့ဘူးဆိုရင် စိန့်တွေက သူတို့ရဲ့ကစားသမားကို ၂၀၂၇ ခုနှစ်အထိ အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ရှိနေပါတယ်။

#လီဗာပူး #ဆောက်သမ်တန် #အပြောင်းအရွှေ့ #လာဗီယာ