ဒီကလန်ရိုက်စ်အတွက် အာဆင်နယ်ပေးချေခဲ့ရတဲ့ ပေါင် ၁၀၅ သန်းဟာ ထိုက်တန်မှုမရှိကြောင်း ပြောကြားလာတဲ့ ရွိုင်ကိန်း
3:49 PM, 7 August
အာဆင်နယ်အသင်းဟာ ယခုနွေရာသီအစောပိုင်းမှာပဲ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး အဆိုပါ တန်ကြေးဟာ ကစားသမားရဲ့အရည်အသွေးနဲ့ထိုက်တန်မှုမရှိဘူးလို့ ရွိုင်ကိန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းနည်းပြ မိုက်ကယ်အာတီတာက ရိုက်စ်ကိုခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ဇူလိုင်မှာ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ခဲ့တာကြောင့် ရိုက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံး အင်္ဂလိပ်ကစားသမားဖြစ်လာခဲ့ပါတယ်။ ရိုက်စ်ရဲ့ပြောင်းရွှေ့မှုက အာဆင်နယ်ရဲ့ ကွင်းလယ်ကိုပိုမိုတောင့်တင်းစေပြီး ယခုရာသီ အင်္ဂလန်ရဲ့ ထိပ်တန်းဖလားတွေကို ပစ်မှတ်ထားနိုင်လာသော်လည်း မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကမူ အသက်-၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်မှု ရှိမရှိကို သံသယဖြစ်နေပါတယ်။
အာဆင်နယ်နဲ့ မန်စီးတီးတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မစတင်မီမှာ ရွိုင်ကိန်းက"သူက သူ့ထက်ပိုကောင်းတဲ့ ကစားသမားတွေရဲ့ ဝန်းရံမှုကိုရရှိမှာပါ။ ပရိသတ်တွေရဲ့တောင်းဆိုမှုတွေနဲ့ သူ့ရဲ့သွင်းဂိုးရယူနိုင်တဲ့ အရည်အသွင်းတွေကြောင့် ကွင်းထဲမှာပိုကောင်းလာပါလိမ့်မယ်။ သူက ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအားကောင်းပြီးသားပါ။ ဒါပေမယ့် အာဆင်နယ်က သူ့အတွက်အလွန်အကျွံပေးချေခဲ့ရပါရတယ်။ ကစားသမားက ပေါင်သန်း ၁၀၀ ကျော် မတန်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။
သို့သော်လည်း ရွိုင်ကိန်းက ဒီကလန်ရိုက်စ်ဟာအာဆင်နယ်ရဲ့ ကစားပုံကိုတိုးတက်စေတယ်လို့ လက်ခံထားပြီး ကစားသမားဟာ တန်ကြေးရဲ့ဖိအားအောက်မှာ ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ရနိုင်ချေရှိတယ်လို့ သုံးသပ်ထားပါတယ်။
ရွိုင်ကိန်းက" ကစားသမားတိုင်းက ဒီလိုပဲဆိုတာတော့ ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နောက် ၁ နှစ် ၂ နှစ်အတွင်းမှာ ဒီကလန်ရိုက်စ်ဘယ်လောက်ကောင်းလဲဆိုတာ တွေ့ရပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး၎င်းက"သူအပတ်တိုင်း တိုးတက်လာနေပါတယ်။ သူက သန်မာပြီး အားကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ။ ပြီးတော့ အာဆင်နယ်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ထိပ်တန်းအရည်အသွေးမျိုးလည်းရှိပါတယ်။ ဒါပေမယ့် အသင်းအတွက်ဘယ်လောက်ထိ အကျိုးပြုသွားနိုင်မလဲဆိုတာကတော့ မကြာခင်မှာစောင့်ကြည့်ရတော့မှာပါ"လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အမှတ်ပေးချန်ပီယံ ချဲလ်ဆီးအမျိုးသမီးအသင်းရဲ့နည်းပြ အမ်မာဟေးယက်စ်ကလည်း ဝက်စ်ဟမ်းမှာ ကွင်းလယ်ခံစစ်နေရာကစားခဲ့တဲ့ ရိုက်စ်ဟာ အာဆင်နယ်ရဲ့ ကွင်းလယ်တိုက်စစ်မှာ နေရာပြောင်းကစားပြီး သွင်းဂိုးတွေရရှိဖို့ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။
သူမက" ရိုက်စ်ဟာ ကွင်းလယ်ခံစစ်မှာ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပေမယ့် ကျွန်မတို့အနေနဲ့ ကွဲပြားခြားနားတဲ့ အရာတစ်ခုကို မြင်တွေ့ရတော့မယ်လို့ထင်ပါတယ်။ သူကအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ဂိုးဖန်တီးမှုတွေပြုလုပ်လာနိုင်ပါလိမ့်မယ်။ ကိုင်ဟားဗက်ဇ်နဲ့ ဒီကလန်ရိုက်စ်တို့ရဲ့ပေါင်းစပ်မှုက အာဆယ်နယ်ရဲ့ ကွင်းလယ်မှာ ကွဲပြားခြားနားတဲ့ ကစားကွက်ကိုပုံဖော်လာနိုင်မယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။