ရှေ့သို့
Image

အချိန်ဆွဲခြင်း၊ ပြင်းထန်စွာစောဒကတက်ခြင်းတို့အပေါ် အရေးယူကိုင်တွယ်ရန် ဒိုင်လူကြီးတွေဆီ ညွှန်ကြား

3:44 PM, 7 August

လာမယ့်ဘောလုံးရာသီသစ်မှာ ဒိုင်လူကြီးတွေက အချိန်ဆွဲခြင်း၊ ပြင်းထန်စွာစောဒကတက်ခြင်းတို့အပေါ် ပြင်းပြင်းထန်ထန်အရေးယူကိုင်တွယ်ဖို့ ရှိနေပြီး မနေ့ညပိုင်း၊ ကွန်မြူနတီဒိုင်းပွဲစဉ်အတွင်း ဂျူလီယန်အယ်လ်ဗာရက်ဇ်၊ ပါတေးနဲ့ အာတီတာတို့ရဲ့ အဝါကတ်ပြစ်ဒဏ်ချမှတ်ခံရမှုတွေဟာ တင်းကျပ်တဲ့ စည်မျဉ်းသစ်တွေအောက် ပထမဆုံးအရေးယူခံရသူတွေ ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးတိုက်စစ်မှူးနဲ့ အာဆင်နယ်ကွင်းလယ်လူတို့ဟာ ဘောလုံးကို အဝေးသို့ ကန်ထုတ်ခြင်းကြောင့် အရေးယူခံရတာဖြစ်သလို အာတီတာကတော့ အပြင်းအထန်စောဒကတက်ခဲ့လို့ အဝါကတ်ပြသခံခဲ့ရတာပါ။ ဒီဖြစ်ရပ်တွေကို ပွဲချိန်ပထမပိုင်းအတွင်းမှာပဲ မြင်တွေ့ခဲ့ရပါတယ်။

ကိုင်ဟားဗက်ဇ်အပေါ် ဖြတ်ထုတ်ပုံကြမ်းတမ်းတဲ့ ရိုဒရီကို အဝါကတ်ပြသဖို့ အပြင်းအထန်တောင်းဆိုခဲ့တဲ့ အာဆင်နယ်နည်းပြဟာ ကွင်းလယ်ဒိုင်အက်ဝဲလ်ရဲ့ အဝါကတ်ပြစ်ဒဏ်ကိုသာ ရရှိခဲ့ပါတယ်။ နာကျင်အချိန်ပိုကို ဂဏန်းနှစ်လုံးစာပမာဏအထိ ထည့်သွင်းသတ်မှတ်ဖို့အပြင် အချိန်ဆွဲခြင်း၊ ပြင်းထန်စွာစောဒကတက်ခြင်းတို့အပေါ် ပြင်းပြင်းထန်ထန်ဖြိုခွဲသွားရန်ကိစ္စက ဒိုင်လူကြီးလက်စွဲစည်းမျဉ်းသစ်တွေရဲ့ အဓိကအချက် ဖြစ်လာခဲ့ပါတယ်။ အခုလိုကိုင်တွယ်အရေးယူမှုတွေကို ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ကျင့်သုံးသွာဖို့ ရှိပါတယ်။

တာဝန်ရှိသူတစ်ဦးကလည်း ပွဲစဉ်အများစုဟာ ပွဲချိန်မိနစ် ၁၀၀ ကျော်အထိ ဖြစ်လာလိမ့်မယ်လို့ Sky Sports သတင်းဌာနဆီ ရှင်းပြခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲလိုပဲ တာဝန်ရှိသူတွေက မလိုလားအပ်တဲ့ အချိန်ပြုန်းတီးမှုတွေကြောင့် ဆုံးရှုံးခဲ့ရတဲ့ မိနစ်တွေကို ပိုမိုလက်တွေ့ကျကျတုံ့ပြန်ဖို့ အခုလိုကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တာပါ။ မတ်လအတွင်း ကျင်းပခဲ့တဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့(IFAB) အစည်းအဝေးအပြီး အခုလိုဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်သလို ဒိုင်လူကြီးတွေအနေဖြင့်လည်း ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ပြိုင်ပွဲတုန်းကလို ဆက်လက်လုပ်ဆောင်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီယားလိဂ်ပွဲစဉ်တွေမှာ အမှန်တကယ်ဘောလုံးကစားချိန်က တစ်ပွဲပျှမ်းမျှ ၅၄ မိနစ် ၅၃ စက္ကန့်သာ ရှိခဲ့ပြီး ဒီပမာဏဟာ နောက်ဆုံး ၁၂ နှစ်အတွင်း အနိမ့်ဆုံး ပမာဏဖြစ်ခဲ့ပါတယ်။ အချိန်လေလွင့်မှုအချို့ကတော့ သဘာဝကျလေ့ရှိပေမယ့် အထူးသဖြင့် ပွဲချိန်နှောင်းပိုင်းကာလ အချိန်ဆွဲကစားတက်တဲ့ အသင်းတွေကြောင့် ပွဲကစားချိန်ပြုန်းတီးမှုတွေ ဖြစ်ပေါ်စေပါတယ်။

#မန်စီးတီး #အာတီတာ #အာဆင်နယ် #ပါတေး #အဲလ်ဗာရက်ဇ် #ကွန်မြူနတီဒိုင်း