မန်စီးတီးနဲ့ ပွဲစဉ်က ဂိုးသမား ရမ်စ်ဒေးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မှတ်ချက်ပြုခဲ့တဲ့ အာတီတာ
11:29 AM, 7 August
အာဆင်နယ်ဟာ ဘရန်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကို ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း ပယ်ချခံခဲ့ရပြီနောက် အသင်းနည်းပြ အာတီတာက လက်ရှိဂိုးသမား ရမ်စ်ဒေးနဲ့စွမ်းဆောင်ရည်ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ အာရွန်ရမ်စ်ဒေးဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရှက်ဖီးယူနိုက်တက်မှ အာဆင်နယ်သို့ ပေါင်သန်း ၃၀ နဲ့ရောက်ရှိလာခဲ့ပြီး အထင်ကြီးလောက်စရာစွမ်းဆောင်ရည်များကို ပြသထားနိုင်သူဖြစ်ပါတယ်။
သို့သော်လည်း ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားနဲ့ လွဲချော်ပြီး ဒုတိယသာ ရရှိခဲ့တဲ့ အာဆင်နယ်က ဘရန်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပြီး နွေရာသီမဈေးကွက်မပြီးခင်မှာပဲ အပြောင်းအရွှေ့ ဖြစ်ပေါ်လာစေဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ယခုအပတ်မှာပဲ စပိန်သား ရာယာကိုခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ဂိုးသမားအတွက် ပေါင်သန်း ၄၀ အထိတန်ကြေးသတ်မှတ်ထားတဲ့ ဘရန်ဖို့ဒ်အသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။
ယမန်နေ့က မန်စီးတီးကိုအနိုင်ရရှိပြီး ကွန်မြူနတီဒိုင်း ဆွတ်ခူးခဲ့တဲ့ အောင်ပွဲအပြီးမှာ ဂိုးသမားသစ်ခေါ်ယူဖို့ကြိုးစားနေတဲ့ အာဆင်နယ်ရဲ့ဖိအားတွေကြောင့် ရမ်စ်ဒေးဟာအသင်းကနေ ထွက်ခွာနိုင်လားလို့မေးမြန်းခဲ့ရာ အာတီတာက "ကျွန်တော်ကတော့ အဲဒီလိုမဖြစ်ပါစေနဲ့လို့မျှော်လင့်ပါတယ်။ ဂိုးသမားကဘယ်သူပဲဖြစ်ဖြစ် ပြိုင်ပွဲတွေက အမြဲတမ်းရှိနေမှာပါ။ ဖိအားတွေကလည်း လူတိုင်းကြုံတွေ့ရမှာပါ။ ဖိအားမရှိရင် အကောင်းဆုံး ကစားသမားတွေရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အားလုံး ဖိအားတွေနဲ့ကြုံတွေ့ရပါမယ်။ ပထမဆုံးကြုံတွေ့ရမယ့်လူကတော့ ကျွန်တော်ပေါ့" လို့ပြောကြားခဲ့ပါတယ်။
မန်စီတီးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်က ရမ်စ်ဒေးရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့လည်း အာတီတာက "သူအရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ရာသီကြိုမှာ ဒီလိုပွဲတွေအတွက် အဆင်သင့်ဖြစ်နေစေဖို့ ရည်ရွယ်ပြီး ပင်နယ်တီတွေလည်းအများကြီး လေ့ကျင့်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ယူနိုက်တက်ကို ပင်နယ်တီမှာ ရှူံးနိမ့်ခဲ့တာကြောင့် စိတ်ပျက်စရာအချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါကြောင့် အခုလိုမှန်ကန်တဲ့ရလဒ်မျိုးထွက်ပေါ်ဖို့ လိုအပ်နေခဲ့ကြတာပါ။ ရမ်စ်ဒေးကို အရမ်းကောင်းတဲ့ ထိပ်တန်းဂိုးသမား တစ်ယောက်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။