ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းအတွက် သင့်တော်မှန်ကန်တဲ့ ရွေးချယ်မှုလို့ သုံးသပ်ပြောဆိုလိုက်တဲ့ ဂယ်ရီလိုင်နီကာ

4:02 PM, 5 August

တော့တင်ဟမ်တိုက်စစ်မှူးဟောင်းကယ်ရီလိုင်နီကာက  ဘိုင်ယန်မြူးနစ်ရဲ့စိတ်ဝင်စားမှုကို ရရှိထားတဲ့ ဟယ်ရီကိန်းအနေဖြင့် မြောက်လန်ဒန်ကလပ်အသင်းမှထွက်ခွာသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အသက်-၃၀ နှစ်အရွယ်တိုက်စစ်မှူးက တော့တင်ဟမ်အတွက် သွင်းဂိုးတွေ အမြောက်အများသွင်းယူပေးထားခဲ့ပေမယ့် ကစားသမားဘဝသက်တမ်းမှာ အဓိကဆုဖလားတွေ ဆွတ်ခူးထားနိုင်ခြင်း မရှိပါဘူး။ ဘိုင်ယန်မြူးနစ်ကလည်း အခုနွေရာသီအပြောင်းအရွှေ့ကာလတလျှောက်လုံး သူ့ကိုခေါ်ယူဖို့ ကြိုးစားနေပြီး လာမယ့်နှစ်မှာ ဟယ်ရီကိန်းရဲ့စာချုပ်သက်တမ်း ကုန်ဆုံးဖို့ရှိနေမှုနဲ့အတူ တော့တင်ဟမ်ဥက္ကဋ္ဌလီဗိုင်းက သူ့ရဲ့အဖိုးတန်တိုက်စစ်မှူးကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ မဆုံးရှုံးရအောင် အခုနွေရာသီမှာပဲ ရောင်းချသွားရဖွယ် ရှိနေပါတယ်။

The Sun သတင်းစာနဲ့တွေ့ဆုံချိန် ဂယ်ရီလိုင်နီကာက " ဟယ်ရီကိန်းအနေနဲ့ တော့တင်ဟမ်အသင်းမှ ထွက်ခွာသင့်ပြီလို့ ကျွန်တော်ထင်ပါတယ်၊ လုပ်လည်းလုပ်သင့်ပါတယ်။ သူထွက်ခွာချင်သလို ဒါကို ဖြစ်မြောက်လာအောင် လုပ်မယ်လို့လည်း ကျွန်တော်ယူဆမိပါတယ်။ အချိန်အခါသင့်နေသလို သူ့အတွက် သင့်တော်မှန်ကန်တဲ့ ကလပ်အသင်းလည်း ရှိနေပါတယ်။ မြူးနစ်မြို့ကြီးက ချစ်စဖွယ်ကောင်းသလို ဘိုင်ယန်ကလည်း ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေအနက် တစ်သင်းဖြစ်ပါတယ်။ ဒါက ဟယ်ရီကိန်းရဲ့ဂိုးသွင်းစွမ်းရည်တွေကြောင့် မဟုတ်ဘဲ သူ့ရဲ့ဂိုးဖန်တီးမှုတွေ၊  ပွဲအပေါ်လွှမ်းမိုးနိုင်မှုနဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းက စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲ ရောက်ရှိနေပါပြီ။ ကျွန်တော့်အမြင်အရ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရတာထက် အခုအချိန်မှာ  ပေါင် သန်း ၈၀(သို့မဟုတ်) သန်း ၁၀၀ လောက်နဲ့ ရောင်းထုတ်လိုက်တာ တော့တင်ဟမ်အတွက် ပိုပြီးအဓိပ္ပါယ်ရှိပါတယ်"လို့ ပြောပါတယ်။

တဖက်မှာလည်း ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းအတွက် ယူရိုသန်း ၁၀၀ တန် နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုကို ပြုလုပ်ထားပြီး မြောက်လန်ဒန်ကလပ်အနေဖြင့် ဆုံးဖြတ်ချက်တစ်ခု အမြန်ဆုံးချမှတ်ဖို့ တွန်းအားပေးလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ အခုနွေရာသီအတွင်း အမ်ဘာပေနေရာအစားထိုးမယ့် တိုက်စစ်မှူးရှာဖွေရနိုင်တဲ့ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

တော့တင်ဟမ်ဥက္ကဋ္ဌလီဗိုင်းအနေဖြင့် ဟယ်ရီကိန်းကို ထွက်ခွာခွင့်ပြုခဲ့မယ်ဆိုရင် လာမယ့်ရာသီမှာ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးကို ဘိုင်ယန်မြူးနစ်ဂျာစီနဲ့ မြင်တွေ့ရဖို့ ရှိပါတယ်။ ဒီလိုဖြစ်မလာခဲ့ဘူးဆိုရင်တော့ သြဂုတ် ၁၃ ရက်၊ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရမယ့် တော့တင်ဟမ်ရဲ့ပရီးမီးယားလိဂ်ရာသီဖွင့်ပွဲစဉ်မှာ ဟယ်ရီကိန်း ပါဝင်ကစားပါလိမ့်မယ်။

#ဟယ်ရီကိန်း #ဘိုင်ယန်မြူးနစ် #လိုင်နီကာ #ပရီးမီးယားလိဂ်