ရှေ့သို့
Image

လာမယ့်ပရီးမီးယားလိဂ်ရာသီမှာ မန်စီးတီးကပဲ ဆက်လက်ဗိုလ်စွဲသွားမယ့်အကြောင်းနဲ့ ထိပ်ဆုံး ၄ သင်းကို ခန့်မှန်းလိုက်တဲ့ မိုက်ကယ်အိုဝင်

3:39 PM, 5 August

အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီမှာ မန်ချက်စတာစီးတီးအသင်းက အာဆင်နယ်၊ ယူနိုက်တက်နဲ့ လီဗာပူးတို့ကိုကျော်ဖြတ်ပြီး ချန်ပီယံဆုကို ထပ်မံဆွတ်ခူးသွားမယ်လို့ခန့်မှန်းလိုက်တဲ့အပြင် ယခုမှတန်းတက်လာခဲ့တဲ့ လူတန်တောင်းကိုလည်း ပြန်လည်တန်းဆင်းသွားမယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင် တိုက်စစ်မှူးဟောင်းဟာ လာမယ့်အပတ် သောကြာနေ့မှာစတင်ယှဉ်ပြိုင်မယ့် တန်းတက်အသင်း ဘန်လေနဲ့ လက်ရှိချန်ပီယံမန်စီးတီးတို့ရဲ့ ၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီရဲ့ပထမဆုံးပွဲစဉ်ကိုလည်း ခန့်မှန်းချက်တွေပြုလုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ယူနိုက်တက်နဲ့အတူတူ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးခဲ့တဲ့ အိုဝင်က ဗင်းဆင့်ကွန်ပနီရဲ့ ဘန်လေအသင်းဟာ ၂၀၂၃-၂၄ ရာသီကုန်မှာ တန်းဆင်းဇုံမှလွတ်မြောက်ပြီး အဆင့် ၁၆ နဲ့ပြီးဆုံးမယ်လို့ ခန့်မှန်းထားပါသေးတယ်။

နောက်ထပ်တန်းတက်နှစ်သင်းဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ လူတန်တောင်းတို့ကိုတော့ ချန်ပီယံရှစ်သို့ပြန်လည် တန်းဆင်းသွားမယ်လို့ အသက်-၄၆ နှစ်အရွယ် အိုဝင်က ဟောကိန်းထုတ်ထားပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို နှစ်ကြိမ်တိုင်တိုင်ဆွတ်ခူးခဲ့တဲ့ ကစားသမားဟောင်းဟာ ဝုဗ်အသင်းကိုလည်း တန်းဆင်းမယ့်အသင်း သုံးသင်းထဲမှာ တစ်သင်းအပါအဝင်ဖြစ်တယ်လို့ခန့်မှန်းထားပြီး ‌ချဲလ်ဆီးအသင်းကိုလည်း ထိပ်ဆုံး ၄ သင်းစာရင်းဝင်မှာမဟုတ်ကြောင်း သုံးသပ်ထားပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့ရာသီက ရမှတ် ၈၉ မှတ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားကို သုံးကြိမ်ဆက်တိုက်ဆွတ်ခူးရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလားအအောင်မြင်ဆုံးအသင်းများ စာရင်းမှာ  ၆ နှစ်အတွင်း ပဉ္စမနေရာသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ မန်စီးတီးနဲ့  ၅ မှတ်အကွာ ဒုတိယနေရာမှာသာ ရပ်တည်ခဲ့ပြီး ယခုရာသီမှာလည်း နောက်ထပ်တစ်ကြိမ် ဒုတိယပဲရရှိလိမ့်မယ်လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် အိုဝင်ဟာ ၈ နှစ်ကြာဖြတ်သန်းခဲ့ဖူးတဲ့ ၎င်းရဲ့ အသင်းဟောင်း လီဗာပူးဟာလည်း ပြီးခဲ့တဲ့ရာသီမှာ အဆုံးသတ်ခဲ့တဲ့ စိတ်ပျက်စရာ ပဉ္စမနေရာမှပြန်လည်လွတ်မြောက်လာပြီး ထိပ်ဆုံးလေးသင်းစာရင်းဝင်လိမ့်မယ်လို့ ထောက်ခံအားပေးခဲ့ပါတယ်။

နောက်ထပ်ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကိုတော့ အိုဝင်ဟာ ပိုချက်တီနိုရဲ့ချဲလ်ဆီးအပါအဝင် ဥရောပပြိုင်ပွဲတွေနဲ့ ရုန်းကန်ရနိုင်ချေရှိနေတဲ့ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာတို့ကိုကျော်ဖြတ်ပြီး မန်ချက်စတာယူနိုက်တက်ကို ခန့်မှန်းရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် တန်ဆင်းဇုံအပေါ်က ၃ သင်းဟာ ဘုန်းမောက်၊ ဘန်လေနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ဖြစ်ကြောင်း ခန့်မှန်းခဲ့ပါတယ်။

#မန်စီးတီး #မိုက်ကယ်အိုဝင် #ပရီးမီးယားလိဂ်