ရှေ့သို့
Image

ဂျီးဆပ်စ်ရဲ့ဒဏ်ရာက ပြင်းထန်ခြင်းမရှိဘဲ မကြာခင် ပြန်ကစားနိုင်မယ်လို့ အာတီတာဆို

9:22 AM, 5 August

အာဆင်နယ်နည်းပြ မီကယ်အာတီတာက တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်စ်ရဲ့ဒဏ်ရာအခြေအနေက ပြင်းထန်ခြင်းမရှိဘဲ မကြာခင် ပြန်ကစားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မနက်ဖြန်ညမှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ကစားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အဓိကတိုက်စစ်မှူး ဂျီးဆပ်စ် ပါဝင်လာဖို့ မရှိပါဘူး။ ဂျီးဆပ်စ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်းလည်း အာတီတာက အတည်ပြုထားခဲ့ပါတယ်။

၂၆နှစ်သားဟာ ယမန်နှစ်ရာသီကလို တူညီတဲ့ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အဆိုပါဒဏ်ရာအတွက် လအတန်ကြာ အနားယူခဲ့ရပါတယ်။ ဂျီးဆပ်စ်ဟာ မိုနာကိုနဲ့ အမ်းမရိတ်ဖလားပွဲစဉ်ကို လွဲချော်ခဲ့ပြီး အန်ကီတီယာက တိုက်စစ်ကို ဦးဆောင်ခဲ့ရပါတယ်။ ဒါပေမယ့် အာတီတာကတော့ ဂျီးဆပ်စ်ရဲ့ ဒူးဒဏ်ရာအခြေအနေအပေါ် အကောင်းမြင်နေခဲ့ပါတယ်။

အာတီတာက "သူက လုံးဝကို အဆင်ပြေနေပေမယ့် ခုလို ဒဏ်ရာရသွားတဲ့အတွက် စိတ်ပျက်နေပါတယ်။ ရာသီသစ်ကို စတင်ဖို့ သူ တက်ကြွနေခဲ့ပေမယ့် ဒဏ်ရာပြဿနာပေါ်လာခဲ့ပါတယ်" "ဘယ်သူကမှ ဒီလိုဖြစ်လာမယ်လို့ မျှော်မှန်းမထားတာကြောင့် ကျွန်တော်တို့ နည်းနည်းပါးပါး ခွဲစိတ်တာတွေ ပြုလုပ်ခဲ့ရပါတယ်။ ကံမကောင်းစွာပဲ ဒီလိုဖြေရှင်းတာကသာ အကောင်းဆုံးနည်းလမ်းဖြစ်နေခဲ့ပါတယ်" "အမြန်ဆုံးခွဲစိတ်လိုက်တာက ပိုကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခုလို ဆုံးဖြတ်ချက်ချခဲ့ရတာပါ။ သူ ကြံ့ခိုင်မှုအား အကောင်းဆုံးနဲ့ ပြန်လာနိုင်မယ်ဆိုတာ သေချာပါတယ်"လို့ ပြောခဲ့ပါတယ်။

အာတီတာက မိုနာကိုနဲ့ပွဲစဉ်အတွင်း အရန်ခုံမှာသာရှိနေတဲ့ ဆာကာဟာ ဖျားနာနေတဲ့အတွက် ဝင်မကစားသွားတာဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ဂျီးဆပ် #ပရီးမီးယားလိဂ်