ရှေ့သို့
Image

ခြေစမ်းပွဲ ဖြစ်ပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ရတဲ့ အပေါ် ပျော်ရွှင်နေတဲ့ အယ်လီဂရီ

4:47 PM, 4 August

စီးရီးအေပြိုင်ပွဲအတွင်း ချန်ပီယံကို ပြန်လည်စိန်ခေါ်ခွင့်ရရေးအတွက် ပြင်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ဂျူဗင်တပ်စ်အသင်းက အမေရိကန်နိုင်ငံတွင် ခြေစမ်းကစားခဲ့တဲ့ နာမည်ကျော် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ခြေစမ်းပွဲစဉ်တွင် ၃ဂိုး - ၁ဂိုး အနိုင်ရခဲ့တာကြောင့် ခြေစမ်းပွဲစဉ်အတွင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပေါ် နည်းပြ အယ်လီဂရီက ကျေနပ်ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။

မြောက်အမေရိကန်တွင် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဆိုပါ ဥရောပအင်အားကြီး ကလပ် ၂သင်းရဲ့ ခြေစမ်းပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းက ဗလာဟိုဗစ်၊ မွိုက်စ်ကိန်း၊ တီမိုတီဝီယာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃ဂိုး - ၁ဂိုး ဖြင့် အနိုင်ရခဲ့ပြီး ရီရဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးကို ဝါရင့်ကွင်းလယ်လူ တိုနီခရူးစ်ရဲ့ လှပသေသပ်တဲ့ ပေးပို့ဖန်တီးမှုမှတစ်ဆင့် တောင်ပံကစားသမား ဗင်နီးစီးယက်စ် ဂျူနီယာက ဂိုးအဖြစ် ပြောင်းလဲပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဥရောပရဲ့ အရှိန်အဝါကြီးမားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ရခဲ့တာနဲ့ ပက်သက်လို့ ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြ အန်ဆယ်လော့တီက“ကိုယ်ခန္ဓာကြံ့ခိုင်ရေး နဲ့ နည်းစနစ်ပိုင်းမှာ ထူးခြားကောင်းမွန်လွန်းပြီး စုဖွဲ့မှုအား တောင့်တင်းတဲ့ ကလပ်အသင်းကို ယှဉ်ပြိုင်အနိုင်ယူခဲ့တာပါ။ ကျွန်တော်တို့အသင်းက ပွဲအစပိုင်းမှာ ၂၅လောက်ကို အတော်လေး ကောင်းကောင်းမွန် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။ ဒီလိုကစားတဲ့ပုံက ကစားသမားတွေအတွက် အလေ့အကျင့်ဖြစ်လာပါပြီ” “နောက်တန်းမှာလည်း အကောင်းဆုံးခံကစားနိုင်ခဲ့သလို ဖလော်ရီဒါမှာကစားရတဲ့ ရာသီဥတုအခြေအနေကလည်း အနေတော်ဖြစ်နေတာကြောင့် ပွဲစဉ်က မြိုင်ဆိုင်ပြီး အရှိန်ဟုန်နဲ့ ကြည့်ကောင်းခဲ့ပါတယ်” “ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့လို့ ကျွန်တော်တို့ရဲ့ နေရာမှန်အတွက် ခရီးရှည်တစ်ခုစတင်ရတော့မှာပါ။ ရှေ့လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီ ရောက်တဲ့အခါ ချန်ပီယံလိဂ်စင်မြက်အထက်မှာ ပြန်ကစားခွင့်ရမှာပါ” လို့ ဖွင့်ဟရင်း ဝမ်းသာစကား ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ဂျူဗင်တပ်စ် #အယ်လီဂရီ #ခြေစမ်းပွဲ