ရှေ့သို့
Image

ရာသီသစ်စတင်ဖို့ ရက်ပိုင်းမျှသာ လိုအပ်တော့ချိန် ဝုဗ်နည်းပြ ရာထူးမှ ထွက်ခွာဖွယ်ရှိတဲ့ လိုပီတီဂူ

1:59 PM, 4 August

ဝုဗ်နည်းပြအဖြစ် ကိုးလကြာ တာဝန်ယူခဲ့ပြီးနောက် လိုပီတီဂူဟာ အသင်းမှ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း အင်္ဂလန်မြေဆီ ရောက်ရှိလာပြီးနောက် စပိန်သားနည်းပြဟာ ဝုဗ်ကို တန်းဆင်းဇုန်အန္တရာယ်မှ လွတ်မြောက်စေကာ ရာသီကုန်အမှတ်ပေးဇယားအဆင့်-၁၃ နေရာအထိ ပို့ဆောင်ပေးနိုင်ခဲ့လို့ ချီးကျူးမှုတွေရရှိခဲ့ပါတယ်။ ဒါပေမယ့် ရာသီသစ်စတင်ဖို့ နီးကပ်လာချိန်မှာတော့ လိုပီတီဂူက အသင်းရဲ့တင်းကျပ်တဲ့ အပြောင်းအရွှေ့မူဝါဒတွေကြောင့် ဘယ်လိုအနာဂတ်မျိုးကို မျှော်မှန်းထားသလဲလို့ မေးခွန်းထုတ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဝုဗ်ဆီ ရောက်ရှိလာချိန်မှာ ကလပ်အသင်းရင်ဆိုင်နေတဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်း(FFP)ဆိုင်ရာ ပြဿနာတွေကို မသိရှိထားခဲ့ဘူးလို့ အသက်-၅၆ နှစ်အရွယ် နည်းပြက မျှဝေခဲ့သလို ဒီကိစ္စတွေကြောင့် အသင်းရဲ့အပြောင်းအရွှေ့ အသုံးစရိတ်အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီအချိန်မှစပြီး ဝုဗ်ဟာ အသင်းရဲ့အားထားရတဲ့တိုက်စစ်မှူး ဂျီမီနက်ဇ်ကို လိဂ်ပြိုင်ဘက်ဖူလ်ဟမ်ဆီ လက်လွှတ်ရခြင်း၊ အခုနွေရာသီအပြောင်းအရွှေ့မှာ အသင်းကပ္ပတိန် ရူဘင်နီဗက်စ်ကို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ဆီ ရောင်းချခြင်းတို့အပါအဝင် အဓိက ကစားသမားအများစုကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ လိုပီတီဂူ အနေဖြင့်လည်း လာမယ့်ဘောလုံးရာသီအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စွမ်းမရှိတဲ့ အသင်းမှ ထွက်ခွာရလိမ့်မယ်လို့ ယုံကြည်နေကြောင်း The Mirror သတင်းဌာနမှာ ဖော်ပြလာပါတယ်။ ရူဘင်နီဗက်စ်၊ ဂျီမီနက်ဇ်တို့လိုပဲ စပိန်သားနည်းပြဟာ နသန်ကောလင်း၊ ဂီးလ်စ်နဲ့ ကိုအာဒီတို့လို အဓိကကစားသမားတွေကိုလည်း ဆုံးရှုံးထားပါတယ်။ ဒါ့အပြင် နာပိုလီကလည်း နောက်ခံလူကီလ်မန်းကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အခုလိုအခြေအနေတွေရှိနေပေမယ့် ဝုဗ်က အခုနွေရာသီဈေးကွက်မှာ ကစားသမားသစ်တွေ ထပ်မစုဆောင်းနိုင်ခဲ့ပါဘူး။ လက်ရှိအချိန်အထိ အငှားခေါ်ယူထားတဲ့ ကွန်ညာ၊ ဘူဘာကာထရာအိုရေးတို့ကို အပြီးသတ်ခေါ်ယူမှုအပြင် တော့တင်ဟမ် ကစားသမား ဒိုဟာတီ၊ နော်တင်တမ်တောင်းဂိုးသမား တွမ်ကင်းတို့ကို အလွတ်ပြောင်းရွှေ့ကြေးတို့ဖြင့် ခေါ်ယူမှုကိုသာ ပြုလုပ်ထားနိုင်ပါတယ်။

လိုပီတီဂူရဲ့ဦးစားပေးပစ်မှတ်တွေအနက် တစ်ဦးဖြစ်တဲ့ ဘရစ္စတိုးရဲ့ ဆယ်ကျော်သက် ကြယ်ပွင့် အဲလက်စ်စကော့ကိုလည်း ဘုန်းမောက်က မျက်စိကျလာပါတယ်။ အသက်-၁၉ နှစ်အရွယ် ကစားသမားအတွက် ဝုဗ်ရဲ့ ပေါင် ၂၂ သန်းတန် ကမ်းလှမ်းမှုကို ဘရစ္စတိုးတို့ ပယ်ချခဲ့ပြီးနောက် ဘုန်းမောက်တို့ကလည်း ကစားသမားကို အမိအရခေါ်ယူနိုင်ရေး စိတ်ဝင်စားလာခဲ့ပါတယ်။

ဘရစ္စတိုးကတော့ ကစားသမားအတွက် သူတို့သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဆိုတဲ့ ပမာဏကို လျှော့ပေးလိုတဲ့ ဆန္ဒမျိုး မရှိပါဘူး။ ပြီးခဲ့တဲ့သီတင်းပတ်၊ အသံလွှင့်အစီအစဉ်တစ်ခုမှာ လိုပီတီဂူက သူ့ရဲ့စိတ်ပျက်နေမှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့က ကုန်ကျစရိတ်သက်သာမယ့် ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားမယ့် Plan B ဆီ သွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဒီ Plan B ကိုလည်း ဆက်မလုပ်နိုင်ခဲ့ပြန်ပါဘူး။ ကျွန်တော်တို့ ကစားသမားအများစုကို လက်လွှတ်ခဲ့ရသလို ကလပ်အနေဖြင့် ကစားသမားတွေထပ်ရောင်းဖို့ လိုလိမ့်မယ်လို့ ကျွန်တော်တို့ တွေးမိပါတယ်။ အဓိက ကစားသမားတစ်ဦးဦးကို ခေါ်ယူနိုင်မယ်လို့ ခင်ဗျားတို့တွေးထားမယ်ဆိုရင်တော့ ဒါက သနားစရာကောင်းပါတယ်။ အဆုံးမှာ သူတို့တွေက မတူညီတဲ့အကြောင်းပြချက်တွေနဲ့ ဘာမှမလုပ်ခဲ့ပါဘူး။ ဒီစီမံကိန်းအသစ်ကြောင့် ကျွန်တော်တို့တွေ စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ကစားသမားအသစ်မရှိတာကြောင့် ဒီစီမံကိန်းအသစ်ဆိုတာလည်း မရှိတော့ပါဘူး”လို့ လိုပက်တယ်ဟီက ပြောပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ ရာသီကြိုခြေစမ်းပွဲမှာ လူတန်နဲ့ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ပြီးနောက် ဝုဗ်က လာမယ့်စနေနေ့မှာ ပြင်သစ်လီဂူးဝမ်းကလပ် ရန်းနက်စ်နဲ့ အခုရာသီကြိုနောက်ဆုံး ခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားသွားပါမယ်။ သြဂုတ် ၁၄ ရက်မှာတော့ ဝုဗ်က မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရင်း ၂၀၂၃-၂၀၂၄ ပရီးမီးယားလိဂ် ဘောလုံးရာသီကို ဖွင့်လှစ်သွားပါမယ်။

#လိုပီတီဂူ #ဝုဗ် #ပရီးမီးယားလိဂ်