ရှေ့သို့
Image

ဘရိုက်တန်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှုရရှိတဲ့ ချဲလ်ဆီး

11:14 AM, 4 August

ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးက ပြိုင်ဘက်ဘရိုက်တန်အသင်းရဲ့ဂိုးသမားဖြစ်သူ ရောဘတ်ဆန်းချက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။

ယမန်နေ့မှာ ကလပ်အသင်းနှစ်ခုအကြား ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပြီး ဂိုးသမားအနေဖြင့် ဆေးစစ်မှုခံယူကာ အခုသီတင်းပတ်မကုန်ခင်မှာပဲ ကာလရှည်စာချုပ်တစ်ရပ်ကို အနောက်လန်ဒန်ကလပ်နဲ့ ချုပ်ဆိုသွားဖွယ် ရှိပါတယ်။ ရောဘတ်ဆန်းချက်ဇ်အပြောင်းအရွှေ့အတွက် နှစ်ဖက်အသင်းအကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် အခုအချိန်မှာတော့ ချဲလ်ဆီးရဲ့ကာလရှည်ပစ်မှတ်၊ ပေါင် ၁၀၅ သန်းတန် ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ စတင်လာလိမ့်မယ်လို့ Mail Sport ရဲ့ သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ချဲလ်ဆီးက အသက်-၂၅ နှစ်အရွယ် ဂိုးသမားကို လက်ရှိဦးစားပေးဂိုးသမား ကီပါရဲ့ ပွဲထွက်ခွင့်နေရာအတွက် အလားအလာရှိတဲ့ ပြိုင်ဘက်အဖြစ် ရှုမြင်ထားပါတယ်။ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အစောပိုင်းမှာပဲ ဆီနီဂေါကြယ်ပွင့်မန်ဒီကို အယ်လ်အာလီဆီ ရောင်းချခဲ့ပြီးနောက် စပိန်သားဂိုးသမားကီပါ တစ်ဦးတည်းသာ ကျန်ရှိတော့လို့ ချဲလ်ဆီးက ဂိုးသမားတစ်ဦးခေါ်ယူဖို့ ရှာဖွေနေတာပါ။

အစောပိုင်းကာလတွေမှာ ဆန်းချက်ဇ်က ဘရိုက်တန်အတွက် လက်စွမ်းပြ ကစားနိုင်ခဲ့ပေမယ့် နည်းပြဒီဇာဘီ လက်ထက်မှာတော့ သူ့ရဲ့ ပွဲကစားချိန်မိနစ်တွေဟာ ခမ်းခြောက်လာခဲ့ရပါတယ်။ ဒါကြောင့်ပဲ စပိန်သားကြယ်ပွင့်ကို ခေါ်ယူဖို့ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အစပိုင်းမှာ မန်ချက်စတာယူနိုက်တက်အပါအဝင် ပရီးမီးယားလိဂ်အသင်းအချို့က စိတ်ဝင်စားလာခဲ့ပါတယ်။

ရောဘတ်ဆန်းချက်ဇ်က ပြီးခဲ့တဲ့ဘောလုံးရာသီနှောင်းပိုင်းမှာ ဘရိုက်တန်ရဲ့နံပါတ်-၁ ဂိုးသမားနေရာကို စတီလီဆီ လွှဲပေးခဲ့ရသလို အခုနွေရာသီမှာလည်း အသင်းက နယ်သာလန်ဂိုးသမားဗာဘရူဂန်ကို ထပ်မံခေါ်ယူထားပါတယ်။ နည်းပြဒီဇာဘီနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တဲ့ ရောဘတ်ဆန်းချက်ဇ်က စီနီယာအသင်းထက် ယူ-၁၈ အသင်းမှာသာ လေ့ကျင့်ရေးဆင်းနေခဲ့ရပါတယ်။

ဒါကြောင့် ချဲလ်ဆီးဆီ ပြောင်းရွှေ့မှုဟာ ကစားသမားအတွက်ရော၊ အသင်းအတွက်ပါ အကောင်းဆုံးအဖြေတစ်ခု ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

#ချဲလ်ဆီး #ဘရိုက်တန် #အပြောင်းအရွှေ့ #ဆန်းချက်ဇ်