ရှေ့သို့
Image

မန်ချက်စတာယူနိုက်တက်ပစ်မှတ်ဟောင်းကို ယူရိုသန်း ၈၀ ဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ပီအက်စ်ဂျီ

4:10 PM, 3 August

ပြင်သစ်ထိပ်သီးပီအက်စ်ဂျီက မန်ချက်စတာယူနိုက်တက်ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။ အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ ပါရီအခြေစိုက်ကလပ်က ဘင်ဖီကာ တိုက်စစ်မှူးအတွက် အပိုထပ်ဆောင်းဆုကြေးတွေပါဝင်မယ့် ယူရိုသန်း ၈၀ တန် ပြောင်းရွှေ့ကြေး သဘောတူညီမှုဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ဒီအပြောင်းအရွှေ့ဟာ အခုသီတင်းပတ်အတွင်းမှာပဲ အပြီးသတ်နိုင်ဖို့ ရှိပါတယ်။ ရာမို့စ်က ပြင်သစ်လီဂူးဝမ်းချန်ပီယံတွေနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီး အသက်-၂၂ နှစ်အရွယ် ကစားသမားဟာ လူးဝစ်အင်းနရစ်ရဲ့ အသင်းဆီ ရောက်ရှိဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲကစား၊ ၂၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၂ ကြိမ် စွမ်းဆောင်နိုင်ခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင်က ဥရောပရဲ့အထွန်းတောက်ဆုံးတိုက်စစ်မှူး စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် ပထမဆုံးယှဉ်ပြိုင်ကစားခွင့်ရရှိတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ရာမို့စ်က သူ့ရဲ့အမှတ်ရဖွယ် ဟက်ထရစ်သွင်းဂိုးကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီဟက်ထရစ်ဂိုးတွေကို ဆွစ်ဇာလန်အသင်းကို ၆-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိတဲ့ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ပွဲစဉ်မှာ သွင်းယူခဲ့တာပါ။

ဂွန်ကာလိုရာမို့စ် ရောက်ရှိလာမယ့် အလားအလာတွေက ပီအက်စ်ဂျီမှာ အမ်ဘာပေရဲ့အနာဂတ်အပေါ် သံသယတွေ တိုးပွားစေခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူးက အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ကိစ္စကို ငြင်းဆန်ပယ်ချခဲ့ပြီးနောက် ပီအက်စ်ဂျီက အမ်ဘာပေကို ကစားသမား အရောင်းစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ဘင်ဖီကာ #ဂွန်ကာလိုရာမို့စ်