ရှေ့သို့
Image

ဂါလာတာစာရေးသို့ ရောက်ရှိရန် နီးစပ်နေတဲ့ ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်

2:04 PM, 3 August

ဂါလာတာစာရေးအသင်းဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်ကို ခေါ်ယူရန် ပထမအကြိမ်ကမ်းလှမ်းခဲ့ပြီး ယူနိုက်တက်ကပယ်ချခဲ့တာကြောင့် ယခုအခါ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေပြီး မကြာမီအချိန်အတွင်း ခေါ်ယူနိုင်တော့မယ်လို့သိရှိရပါတယ်။

Mail Sports ရဲ့အဆိုအရ တူရကီကလပ်ဟာ နွေရာသီအပြောင်းအရွှေ့ကာလမပြီးဆုံးခင် ဖရက်ဒ်ကို ခေါ်ယူရန် စိတ်အားထက်သန်နေပြီး နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းမှုပြုလုပ်တော့မှာဖြစ်ပါတယ်။ ဂါလာတာစာရေးဟာ ကွင်းလယ်ကစားသမားကိုခေါ်ယူရန် ပြီးခဲ့တဲ့လက ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့သော်လည်း ကမ်းလှမ်းတဲ့တန်ဖိုးကို တရားဝင်ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ယူနိုက်တက်ကမူ အဆိုပါကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် ယခုအခါ နောက်ဆက်တွဲကမ်းလှမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ကစားသမားဟာ အပြောင်းအရွှေ့နောက်ဆုံးရက် မတိုင်ခင်မှာ ထွက်ခွာနိုင်တယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်တဲ့ ဖရက်ဒ်ကလည်း အသင်းမှထွက်ခွာဖို့ကြိုးစားနေပြီး ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၂၀ ဝန်းကျင်ခန့်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကစားသမားကို ဂါလာတာစာရေးအပြင် ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်နဲ့ ဆော်ဒီကလပ်အများအပြားကလည်း စိတ်ဝင်စားနေကြောင်းသိရှိရပါတယ်။ အသက်-၃၀ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ၂၀၁၈ ခုနှစ်မှာ ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းနဲ့ ယူနိုက်တက်သို့ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိပြိုင်ပွဲစုံ ၂၁၃ ပွဲကစားကာ ၁၄ ဂိုးသွင်းယူထားပါတယ်။

ချဲလ်ဆီးကွင်းလယ်ကစားသမား မေဆင်မောင့်ကိုခေါ်ယူပြီးနောက် ယူနိုက်တက်ဟာ ကွင်းလယ်အင်အားတောင့်တင်းလာတာကြောင့် အသင်းရဲ့ကွင်းလယ်ကစားသမားတွေကို ထွက်ခွာခွင့်ပြုဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ နောက်ထပ်ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဗန်ဒီဘိခ်ကလည်း ဆိုစီဒက်သို့ ပြောင်းရွှေ့ရန် သေချာသလောက်ရှိနေပြီး ဖရက်ဒ်ရဲ့ပြောင်းရွှေ့မှုထက် အလားအလာပိုမိုတိုးတက်နေတာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ အသင်းရဲ့ဂိုးသမား နာသန်ဘစ်ရှော့ကလည်း ဆန်းဒါးလန်းသို့ ပြောင်းရွှေ့ရန် အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီး ချန်ပီယံရှစ်အသင်းနဲ့အတူ သုံးနှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
ကစားသမားသစ် ခေါ်ယူမှုအဖြစ် ယူနိုက်တက်ဟာ တိုက်စစ်မှူး ဟွိုက်လန်းအတွက် အတ္တလန္တာအသင်းနဲ့ သဘောတူညီမှုရရှိခဲ့တာကြောင့်ကစားသမားဟာ ယခုသီတင်းပတ်အကုန်မှာပဲ အသင်းနဲ့ပူးပေါင်းတော့မှာဖြစ်ပါတယ်။ ဒါ့အပြင်ယူနိုက်တက်ဟာ မော်ရိုကိုကွင်းလယ်ကြယ်ပွင့် အမ်မရာဘတ်ကို ခေါ်ယူနိုင်ရေးအတွက်လည်း ဖီအိုရင်တီးနားအသင်းနဲ့ အဆက်အသွယ်ပြုလုပ်နေဆဲဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂါလာတာစာရေး #အပြောင်းအရွှေ့ #ဖရက်ဒ်