ရှေ့သို့
Image

အာနိုးလ်ကို ညာအစွန်နောက်ခံလူအဖြစ်သာ ကစားစေချင်တယ်လို့ အရိပ်အမြွက်ထုတ်ပြောလာတဲ့ ကလော့ပ်

3:08 PM, 31 July

ပြီးခဲ့တဲ့လအတွင်း အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲတွေမှာ ကွင်းလယ်လူအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် အာနိုးလ်ဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီသစ်စတင်ချိန် လီဗာပူးခံစစ်တန်းရဲ့ညာအစွန်မှာပဲ ပွဲထွက်လာလိမ့်မယ်လို့ နည်းပြယာဂန်ကလော့ပ်က အရိပ်အမြွက်ထုတ်ပြောလာပါတယ်။

အာနိုးလ်က ပြီးခဲ့တဲ့ဘောလုံးရာသီနှောင်းပိုင်းကာလမှာ လီဗာပူးအတွက် Inverted Full-Back အဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ ဆောက်ဂိတ်က အာနိုးလ်ကို မော်လ်တာ၊ မြောက်မက်ဆီဒိုးနီးယားတို့နဲ့ ရင်ဆိုင်ရတဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေမှာ ကွင်းလယ်ကစားသမားအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။

အာနိုးလ်ကလည်း သူ့တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်နိုင်ခဲ့ပြီး ဆောက်ဂိတ်နဲ့ ကလော့ပ်တို့အတွက် အနာဂတ် ကွင်းလယ်ပိုင်းမှာ ရွေးချယ်စရာတစ်ခု ထပ်တိုးလာစေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဒီကိစ္စရပ်တွေက ထင်သလောက် မရိုးရှင်းတော့ပါဘူး။ ယမန်နေ့ညနေပိုင်း၊စင်ကာပူမှာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် လက်စတာကို လေးဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်အတွက် အာနိုးလ်က လီဗာပူးညာနောက်ခံလူအဖြစ် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

ကလော့ပ်က “ကျွန်တော်တို့က အာနိုးလ်ကို အခုလို ပြောင်းလွယ်ပြင်လွယ်ရှိတဲ့နေရာမှာ ကစားဖို့ တာဝန်ပေးခဲ့ပြီးနောက် လူတိုင်းက အကြောင်းရင်းကိုထုတ်မပြောတော့ဘဲ သူ့ကို ကွင်းလယ်မှာပဲ သုံးသင့်တယ်လို့ ဆိုလာကြပါတယ်။ အခုက ပြီးခဲ့တဲ့ဘောလုံးရာသီ သူကစားခဲ့ရတဲ့အနေအထား (သို့) အင်္ဂလန်အတွက် သူကစားပေးခဲ့တဲ့အခြေအနေမျိုးနဲ့ လုံးဝကို ကွဲပြားခြားနားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာက ကွင်းလယ်အထိုင်နေရာ ဖြစ်နေလို့ပါ။ ဒီလိုကစားဖို့ဆိုရင် သေချာပြင်ဆင်ထားဖို့ လိုပါတယ်။ အာနိုးလ်က ဒီနေရာမှာ ကစားနိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ဘယ်ဘက် (သို့မဟုတ်) ညာဘက်မှာ ကစားသမားရှိ၊ မရှိပေါ်မှာတော့ မူတည်ပါတယ်။  ကျွန်တော်တို့ အခုဘောလုံးရာသီမှာ အဲ့ဒီလိုပုံစံမျိုးကို သုံးမယ်ဆိုရင် အရမ်းကောင်းပြီး အရေးပါမယ်လို့ တွေးထားမိခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အာနိုးလ်ကို ညာနောက်ခံလူအဖြစ်ထားပြီး ဒီလိုကစားကွက်နဲ့ ကစားဖို့ ကြိုးစားချင်နေတုန်းပါပဲ။ ပြီးရင်တော့ ဘောလုံးရာသီသစ်ကို ဘယ်လိုစတင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း လီဗာပူးက ဆိုဘိုဆလိုင်း၊ မက်အယ်လစ္စတာတို့လို ကစားသမားကောင်းတွေ ခေါ်ယူခဲ့ပေမယ့် ဂျော်ဒန်ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့ အသင်းမှ ထွက်ခွာသွားပြီးနောက် ကလော့ပ်က ကွင်းလယ်ကစားသမားသစ်ထပ်မံ ခေါ်ယူဖို့ အရေးပါမှုအကြောင်း ထုတ်ပြောထားပါတယ်။ ဒါကြောင့် ကလော့ပ်အနေဖြင့် အာနိုးလ်ကို ကွင်းလယ်အထိုင်နေရာမှာ အမြဲတမ်းအသုံးပြုဖို့ မရှုမြင်ထားဘူးလို့ သုံးသပ်ရပါတယ်။

တဖက်မှာတော့ လီဗာပူးက ဆောက်သမ်တန်လူငယ်ကြယ်ပွင့်ကွင်းလယ်လူ လာဗီယာကို စိတ်ဝင်စားနေပြီး ကနဦးပေးချေမှု ပေါင် ၃၅ သန်းအပြင် အပိုထပ်ဆောင်းဆုကြေးတွေပါဝင်မယ့် ကမ်းလှမ်းမှုတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ဆောက်သမ်တန်ဘက်ကတော့ ဒီကမ်းလှမ်းမှုကို ချက်ချင်းဆိုသလိုပယ်ချလိုက်ပြီး ကစားသမားအတွက်တန်ကြေးအဖြစ် ပေါင်သန်း ၅၀ ပေးချေဖို့သာ တုံ့ပြန်ခဲ့ပါတယ်။ လီဗာပူးဘက်ကလည်း ပေါင် ၄၅ သန်းဖြင့် ဒုတိယအကြိမ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

#လီဗာပူး #ကလော့ပ် #အာနိုးလ် #ပရီးမီးယားလိဂ်