ရှေ့သို့
Image

စွမ်းဆောင်ရည်ပိုင်း ပိုမိုတိုးတက်လာဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ကတိပြုခဲ့တဲ့ ဂျိုတာ

1:32 PM, 31 July

ယမန်နေ့ညနေပိုင်း၊ စင်ကာပူမှာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် လက်စတာကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် လီဗာပူးတိုက်စစ်မှူး ဂျိုတာက အသင်းရဲ့စွမ်းဆောင်ရည်ပိုင်း ပိုမိုတိုးတက်လာစေဖို့ ဆက်လက်ကြိုးစားတည်ဆောက်သွားမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကြိုကာလမှာ ခြေစမ်းပွဲစဉ်သုံးပွဲ ကစားခဲ့ရာ တစ်ပွဲလျှင် လေးဂိုးနှုန်းအထိ သွင်းယူထားပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့၊ စင်ကာပူနိုင်ငံ၊ အမျိုးသားအားကစားကွင်းကြီးမှာ လီဗာပူးက ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ရှိပြီး ပရီးမီးယားလိဂ်ပွဲစဉ်များ စတင်ချိန်မှာ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်နေဖို့ ရည်စူးလုပ်ဆောင်နေပါတယ်။

လက်စတာကို လေးဂိုးပြတ်အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ဂျိုတာက “ကျွန်တော်တို့က အခုရာသီကြိုကာလမှာ ခံစစ်ပိုင်းကနေ ကစားကွက်တည်ဆောက်မှုတွေ၊ ပြိုင်ဘက်အပေါ် ဖိအားပေးပုံတွေကို ကြိုတင်ပြင်ဆင်ချင်ခဲ့ပါတယ်။ လက်စတာနဲ့ပွဲစဉ်ပထမပိုင်း ပွဲချိန်တွေမှာ ကျွန်တော်တို့အသင်းအတွက် ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိခဲ့သလို သိပ်မကောင်းတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ အဆုံးမှာတော့ ပွဲပြီးရလဒ်ပိုင်းက ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်းအလေးသာစေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အခုလိုကြံ့ခိုင်မှုအသားပေးတဲ့ ပွဲစဉ်တွေမှာ ယှဉ်ပြိုင်ဖို့ အသင်းကို တည်ဆောက်ချင်သလို တည်ဆောက်ဖို့လည်း ကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီထက်တော့ ပိုကောင်းအောင်လုပ်ချင်ခဲ့တာ သေချာပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက မကောင်းမွန်ခဲ့လို့ ကျွန်တော်တို့ ဒါကို တိုးတက်အောင်လုပ်ဖို့ အမှန်တကယ်လိုလားခဲ့ပါတယ်။ ရာသီကြိုပြင်ဆင်မှုဆိုတာကလည်း ဘောလုံးရာသီအစအတွက် အသင်းကို တည်ဆောက်ဖို့နဲ့ ပိုကောင်းအောင်ကြိုးစားဖို့အတွက်ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

စင်ကာပူနိုင်ငံဆီ ရာသီကြိုခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ လီဗာပူးက သြဂုတ် ၂ ရက်မှာ ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲ ကစားရဖို့ ရှိပါတယ်။
#လီဗာပူး #လက်စတာ #ဂျိုတာ #ခြေစမ်းပွဲ