ရှေ့သို့
Image

လီဗာပူးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဖို့ အဆင်သင့်ပါပဲလို့ ထုတ်ပြောလာတဲ့ ဗန်ဒိုက်

12:58 PM, 30 July

လီဗာပူးနောက်ခံလူဗာဂျေးဗန်ဒိုက်က အသင်းမှထွက်ခွာသွားပြီဖြစ်တဲ့ အသင်းကပ္ပတိန်ဟောင်း ဂျော်ဒန်ဟန်ဒါဆန်ကို လွမ်းဆွတ်သတိရနေပေမယ့် အန်ဖီးလ်ရဲ့လစ်လပ်နေတဲ့ အသင်းခေါင်းဆောင်နေရာကို ဆက်ခံဖို့နဲ့ လာမယ့်ဘောလုံးရာသီမှာ အသင်းအတွင်း အဓိကဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ဖို့ အသင့်ရှိနေပြီလို့ ထုတ်ပြောလာပါတယ်။


ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဟန်ဒါဆန်က စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ အယ်လ်အစ်တီဖတ်ဆီ တစ်ပတ်လုပ်ခလစာပေါင် ၃၀၀,၀၀၀ တန် သဘောတူညီမှုမှုတစ်ခုနဲ့အတူ သူ့ရဲ့အငြင်းပွားဖွယ်အပြောင်းအရွှေ့ဇာတ်လမ်းကို အဆုံးသတ်ခဲ့တာပါ။ ယခင်က လိင်တူချစ်သူအခွင့်အရေးအပေါ်ကာကွယ်ပေးဖို့ တက်တက်ကြွကြွလုပ်ဆောင်ခဲ့တဲ့ဟန်ဒါဆန်က လက်ရှိမှာတော့ လိင်တူချစ်သူတွေကို ပြစ်မှုကြောင်းအရတရားစွဲဆိုနိုင်တဲ့နိုင်ငံဆီ ပြောင်းရွှေ့သွားခဲ့တာပါ။


ဘောလုံးနဲ့ပတ်သက်လို့ပြောရရင်တော့ ရာသီသစ်စတင်ဖို့ သီတင်းပတ်နှစ်ပတ်မျှသာလိုအပ်တော့ချိန် လီဗာပူးဟာ သူတို့ရဲ့အကြီးကျယ်ဆုံးအသင်းခေါင်းဆောင်နဲ့ အားထားရတဲ့ကစားသမားကို ဆုံးရှုံးလိုက်ရတာဖြစ်သလို နောက်ထပ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖာဘင်ဟိုကလည်း ဟန်ဒါဆန်နည်းတူ ဆော်ဒီနိုင်ငံဆီ ထွက်ခွာဖို့ အလားအလာရှိနေပါတယ်။ အခုနွေရာသီမှာပဲ လူကြိုက်များတဲ့ဖာမီနိုနဲ့ ဝါရင့်ကွင်းလယ်လူမီလ်နာတို့ဟာ အန်ဖီးလ်ကလပ်မှ ထွက်ခွာသွားခဲ့ပြီးပါပြီ။


ဒါပေမယ့် ဗာဂျေးဗန်ဒိုက်ကတော့ အသင်းရဲ့လစ်လပ်သွားတဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို တာဝန်ယူသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ နယ်သာလန်သားကို လီဗာပူးကပ္ပတိန်အဖြစ် တရားဝင်မခန့်အပ်ရသေးပေမယ့် ဒီနေ့နေ့လည်ပိုင်း၊ စင်ကာပူမှာကစားမယ့် လက်စတာနဲ့ရာသီကြိုခြေစမ်းပွဲစဉ်အတွက် ဗန်ဒိုက်က အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်သွားရပါလိမ့်မယ်။


ဗန်ဒိုက်က "ဟန်ဒါဆန်လိုကစားသမားမျိုးထွက်ခွာသွားမှုက ကျွန်တော်တို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်သလို သူက ခေါင်းဆောင်ကောင်းတစ်ယောက်၊ အသင်းခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းရဲ့အောင်မြင်မှုတွေမှာ ကျွန်တော်တို့အတွက် သူက အရေးပါသူတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သူ့ကို အရမ်းလွမ်းဆွတ်သတိရနေပါလိမ့်မယ်။


ဒါပေမယ့် ဒီလိုကိစ္စတွေက ဘောလုံးလောကရဲ့တစိတ်တပိုင်းဖြစ်သလို ကစားသမားတွေဟာ ရောက်လာကြသလို ထွက်ခွာသွားကြတာချည်းပါပဲ။ တခြားသူတွေက ဒီနေရာဆီ တက်လှမ်းရပါလိမ့်မယ်။ ဒါက တကယ့်အစစ်အမှန်တရားပါ။

ကျွန်တော်လည်း ပွဲတော်တော်များများကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရလို့  ဒီလိုကာလတွေက အမြဲတမ်းဂုဏ်ယူနေရမယ့် အခိုက်အတန့်တွေဖြစ်ပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာဦးမလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ဒီအသင်းကို ဦးဆောင်ခွင့်ရရှိမယ်ဆိုရင်တော့ ဒါက ကြီးမားတဲ့ဂုဏ်ပြုမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။


ကျွန်တော် ခေါင်းဆောင်တွေကို မြင်တွေ့ရသလို ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ ကစားသမားတွေကိုလည်း မြင်တွေ့ရပါတယ်။

ဒီလိုအရာမျိုးဆိုတာ နေ့ချင်းညချင်းတော့ ဖြစ်တည်လာတာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ ဒီတာဝန်ကိုထမ်းဆောင်မယ့်၊ ထမ်းဆောင်နိုင်တဲ့ကစားသမားတွေ အများကြီးရှိပါတယ်။ ဒါကြောင့်ဒီအတိုင်းဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ချက်အပြည့်ရှိပါတယ်။


ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တို့ကိုထားသွားခဲ့တဲ့သူတွေက သူတို့ရဲ့အတွေ့အကြုံတွေအရရော၊ စွမ်းဆောင်ရည်တွေအရပါ အရမ်းအရေးပါသူတွေဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အခြားသူတွေလည်း ဒီအဆင့်ဆီတက်လှမ်းရပါတော့မယ်"လို့ ပြောပါတယ်။


ဒါ့အပြင် ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၅နေရာနဲ့အတူ ဖလားလက်မဲ့ဖြစ်ခဲ့ရမှုနဲ့ပတ်သက်တဲ့ အမှားအယွင်းတွေကို ပြင်ဆင်နိုင်ဖို့အတွက် လီဗာပူးအသင်းဟာ စိတ်အားထက်သန်နေပါတယ်လို့ ဗန်ဒိုက်ကပြောပါတယ်။


"ဒီအတိုင်းပဲဖြစ်လိမ့်မယ်ဆိုတာ သေချာပေါက် ကျွန်တော်ယူဆမိပါတယ်။ ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်ကြပြီး လွန်ခဲ့တဲ့နှစ်တွေအတွင်း အောင်မြင်မှုတွေကို အတူတကွဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီကလို မဖြစ်စေချင်တဲ့အရာတွေအားလုံး ထပ်မဖြစ်လာဖို့ဆိုရင် ဒီအမှားအယွင်းတွေကို ချထားပစ်ခဲ့ဖို့ လိုအပ်ပါတယ်။

အခုအချိန်ထိတော့ ရာသီကြိုပြင်ဆင်မှုတွေက အရမ်းကောင်းသလို အရမ်းလည်းခက်ခဲပါတယ်။ ဒါပေမယ့် အရမ်းလည်းကောင်းနေပါတယ်။ ဒါကြောင့် ဒီလိုပြင်ဆင်မှုကောင်းတွေက ဘောလုံးရာသီသစ်မှာ ကျွန်တော်တို့အတွက် အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ဖို့ မျှော်လင့်ထားပါတယ်"လို့ ဗန်ဒိုက်က ဆက်ပြောခဲ့ပါတယ်။


ဒဏ်ရာပြဿနာကြောင့် ဂရုသာဖတ်ခ်ျနဲ့ ပွဲစဉ်ကိုလွဲချော်ခဲ့တဲ့ ဆိုဘိုဆလိုင်းကတော့ လက်စတာနဲ့ကစားမယ့် ခြေစမ်းပွဲကို ပြန်လည်ပါဝင်လာဖို့ရှိပါတယ်။

ဒါပေမယ့် ရာသီကြိုကာလမှာ အသင်းနဲ့အတူ ပုံစံကောင်းပြသနေတဲ့ ဘရက်ဒ်လေကတော့ ဒဏ်ရာပြဿနာကြောင့် စင်ကာပူနိုင်ငံဆီထွက်ခွာလာတဲ့ လီဗာပူးအသင်းလူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

#လီဗာပူး #ဗန်ဒိုက် #ပရီးမီးယားလိဂ်