ရှေ့သို့
Image

အသင်းမှ ထွက်ခွာသွားတဲ့ ဟန်ဒါဆန်ကို ဂုဏ်ပြုစကားပြောဆိုပေးလာတဲ့ လီဗာပူး ကစားသမားများ

2:48 PM, 27 July

ဆော်ဒီကလပ်အယ်လ်အစ်တီဖတ်ဆီ ပြောင်းရွှေ့သွားတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ဂုဏ်ပြုစကားပြောဆိုလိုက်ပါတယ်။ လီဗာပူးဂန္တဝင်စတီဗင်ဂျရတ်ကိုင်တွယ်မယ့် ဆော်ဒီပရိုလိဂ်ကလပ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဟန်ဒါဆန်ဟာ သူ့ရဲ့အန်ဖီးလ်ကစားသမားဘ၀ ၁၂ နှစ်တာသက်တမ်းကို အဆုံးသတ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာပဲ အင်္ဂလန်လက်ရွေးစင်ကစားသမားက ကလပ်အသင်းနဲ့ အသင်းပရိသတ်တွေဆီ စိတ်လှုပ်ရှားဖွယ်နှုတ်ဆက်စကားတစ်ခု ဝေမျှလာပါတယ်။ ချက်ချင်းဆိုသလိုပဲ လီဗာပူးအသင်းဖော်တွေက မာဆေးဆိုဒ်ကလပ်နဲ့အတူ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလား(နှစ်ကြိမ်)တို့ ဆွတ်ခူးနိုင်ခဲ့တဲ့ အသက်-၃၂ နှစ်အရွယ်ကစားသမားကို ဂုဏ်ပြုစကားပြောဆိုလာကြပါတယ်။

လီဗာပူးအသင်း ကပ္ပတိန်လက်ပတ်ကို ဆက်ခံမယ်လို့ သတင်းကြီးနေတဲ့ နောက်ခံလူဗန်ဒိုက်က ဟန်ဒါဆန်ရဲ့ နှုတ်ဆက်ဗီဒီယိုတင်ပြထားတဲ့ပို့စ်ရဲ့အောက်မှာ Comment အဖြစ် “အသင်းကပ္ပတိန်၊ ခေါင်းဆောင်၊ ဂန္တဝင်တစ်ဦး”လို့ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် နောက်ခံလူရောဘတ်ဆန်ကလည်း “ခင်ဗျားကို ချစ်ပါတယ် အစ်ကိုရေ”လို့ ရေးသားခဲ့သလို တိုက်စစ်မှူးဂတ်ပိုကလည်း “ကျေးဇူးတင်ပါတယ် ကပ္ပတိန်ကြီးခင်ဗျ”လို့ ဂုဏ်ပြုပေးခဲ့ပါတယ်။

ဟန်ဒါဆန်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ဒီကလန်ရိုက်စ်နဲ့ ရီစီဂျိမ်းစ်တို့ကလည်း လီဗာပူး ကစားသမားဘဝစွမ်းဆောင်ခဲ့မှုတွေနဲ့ ပတ်သက်လို့ ဆန်းဒါးလန်းကွင်းလယ်လူဟောင်းဆီ ဂုဏ်ပြုစကားတွေ မျှဝေပေးခဲ့ပါတယ်။ လီဗာပူးအသင်းခေါင်းဆောင်က အယ်လ်အီတီဖတ်ရဲ့ တစ်ပတ်လုပ်ခလစာပေါင် ၇၀၀,၀၀၀ ကမ်းလှမ်းမှုကို ရရှိခဲ့ပြီးနောက် အသင်းမှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။

၂၀၁၅ ခုနှစ်မှစတင်ကာ အန်ဖီးလ်ကလပ်ကို ဦးဆောင်လာခဲ့တဲ့ အသင်းခေါင်းဆောင်က အသင်းနဲ့ စာချုပ်သက်တမ်းနှစ်နှစ်ကျန်ရှိနေသေးပေမယ့် အသင်းမှထွက်ခွာလိုတဲ့ ဆန္ဒကို ဖော်ပြခဲ့ပြီးနောက် လီဗာပူးကလည်း သူ့ကို ပေါင် ၁၂ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရီးရဲလ်မက်ဒရစ်ဂန္တဝင် ဘန်ဇီးမား၊ ချဲလ်ဆီးကွင်းလယ်လူ ကန်တီတို့လို ပုံရိပ်မြင့်မားတဲ့ကစားသမားတွေဟာ ဆော်ဒီနိုင်ငံဆီ ပြောင်းရွှေ့သွားခဲ့ပါပြီ။

ပြီးခဲ့တဲ့ဒီဇင်ဘာလ၊ စီရော်နယ်ဒိုရဲ့ အယ်လ်နာဆာနဲ့အတူဖော်ဆောင်ခဲ့တဲ့ အရှေ့အလယ်ပိုင်းခရီးလမ်းတစ်ခုကို ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ ဖာမီနို၊ မန်ဒီ၊ ကူလီဘာလီနဲ့ ရူဘင်နီဗက်စ်တို့လည်း လျှောက်လှမ်းလာခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်က ပေါင် ၂၉၅ သန်းတန်ကြေးရှိ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြင်သစ်ကြယ်ပွင့်အမ်ဘာပေကို ကမ်းလှမ်းခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားအတွက် တစ်နှစ်လုပ်ခလစာ ပေါင် ၆၀၄ သန်းအထိ ပေးချေဖို့ အယ်လ်ဟီလယ်က စီမံထားခဲ့ပေမယ့် ပီအက်စ်ဂျီစတားက ကမ်းလှမ်းလာမှုအပေါ် ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဒါပေမယ့် ဆော်ဒီပရိုလိဂ်ကလပ်က ဘာစီလိုနာတောင်ပံလူဟောင်း မယ်လ်ကွန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားသလို အမ်ဘာပေရဲ့ပီအက်စ်ဂျီအသင်းဖော် ဗာရက်တီကို ခေါ်ယူနိုင်ဖို့လည်း အတော်လေးနီးစပ်နေပါပြီ။

#လီဗာပူး #ဗန်ဒိုက် #အပြောင်းအရွှေ့ #ဒင်းဟန်ဒါဆန်