ရှေ့သို့
Image

လီဗာပူးမှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အသင်းပရိသတ်တွေဆီ နှုတ်ဆက်စကားဆိုလာတဲ့ ဟန်ဒါဆန်

12:43 PM, 27 July

စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဂျော်ဒန်ဟန်ဒါဆန်က အရှေ့အလယ်ပိုင်းဒေသဆီ မပြောင်းရွှေ့မီ လီဗာပူးအသင်းကို နှုတ်ဆက်ခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်က အသင်းဂန္တဝင်ဂျရတ် ကိုင်တွယ်မယ့် အယ်လ်အီတီဖတ်ရဲ့ တစ်ပတ်လုပ်ခလစာပေါင် ၇၀၀,၀၀၀ ကမ်းလှမ်းမှုကို ရရှိခဲ့ပြီးနောက် အသင်းမှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှစတင်ကာ အန်ဖီးလ်ကလပ်ကို ဦးဆောင်လာခဲ့တဲ့ အသင်းခေါင်းဆောင်က အသင်းနဲ့ စာချုပ်သက်တမ်းနှစ်နှစ်ကျန်ရှိနေသေးပေမယ့် အသင်းမှ ထွက်ခွာလိုတဲ့ဆန္ဒကို ဖော်ပြခဲ့ပြီးနောက် လီဗာပူးကလည်း သူ့ကို ပေါင် ၁၂ သန်းနဲ့ အယ်လ်အစ်တီဖတ်ဆီ ရောင်းချခဲ့ပါတယ်။

လူမှုကွန်ရက်မှ တဆင့်မျှဝေလာတဲ့ ရုပ်သံမှတ်တမ်းဗီဒီယိုတစ်ခုမှာတော့ ဟန်ဒါဆန်က “လွန်ခဲ့တဲ့ ၁၂ နှစ်တာ အခိုက်အတန့်ကို စကားလုံးတွေနဲ့ ဖော်ပြပေးဖို့ အလွန်ခက်ခဲသလို နှုတ်ဆက်စကားပြောဖို့ ဆိုတာက ပိုတောင်ခက်ခဲပါတယ်။ နောက်ဆုံးထွက်သက်အချိန်အထိ ကျွန်တော်က လီဗာပူးပရိသတ် ဖြစ်နေပါလိမ့်မယ်။ အရာရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ You’ll never walk alone.”လို့ ပြောပါတယ်။

လီဗာပူးကစားသမားဘ၀ ၁၂ နှစ်တာကာလအတွင်း ဟန်ဒါဆန်က အသင်းအတွက် ၄၉၂ ပွဲ ပါဝင်ကစားပေးကာ နှစ် ၃၀ အတွင်း ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုကို အသင်းခေါင်းဆောင်အဖြစ် ရရှိခဲ့သလို ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ဆုဖလားကိုလည်း အသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်-၃၃ နှစ်အရွယ်ကွင်းလယ်လူက “ကျွန်တော်အခုအချိန်မှာ ဘယ်လောက်အထိ ခံစားနေရတယ်ဆိုတာကို ဖော်ပြပေးနိုင်မယ့် စကားလုံးမရှိပါဘူး။ ကျွန်တော်က လီဗာပူးအသင်းရဲ့အဝတ်လဲခန်းဆီ နောက်ဆုံးအကြိမ် ရောက်ရှိနေတာဆိုတော့ ဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁၂ နှစ်တာ အချိန်ကာလတစ်ခုက ကျွန်တော်နဲ့ ကျွန်တော့်ရဲ့မိသားစုအတွက် ဘယ်လောက်တောင်အဓိပ္ပါယ်ရှိခဲ့သလဲဆိုတာ တနည်းနည်းနဲ့ ရှင်းပြဖို့တော့ လိုအပ်နေပါတယ်။ သေလုမတက်စိတ်လှုပ်ရှားမှုတွေနဲ့အတူ ၂၀၁၁ ခုနှစ်မှာ ဆန်းဒါးလန်းမှ ဒီကလပ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာတဲ့ ခရီးစဉ်တစ်ခုကို ကျွန်တော် မှတ်မိနေပါသေးတယ်။ အရိုးသားဆုံးပြောရရင် ကျွန်တော့်ရဲ့မွေးရပ်မြေကလပ်ဖြစ်တဲ့ ဆန်းဒါးလန်းမှထွက်ခွာဖို့ဆိုတာ အရမ်းခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ကမ်းလှမ်းမှုကိုရရှိလာချိန်မှာတော့ မငြင်းဆန်နိုင်တော့ပါဘူး”

“အသင်းခေါင်းဆောင်လက်ပတ်ကို ကျွန်တော့်ဆီ ပေးအပ်လာချိန်မှာလည်း လီဗာပူးကပ္ပတိန်အဖြစ် လုပ်သင့်လုပ်ထိုက်တဲ့ အရာမှန်သမျှကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဂုဏ်အယူရဆုံးကိစ္စကတော့ လီဗာပူးဆိုတာ တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ဘဲ အသင်းအဖွဲ့အလိုက် စုစည်းညီညွှတ်နေလို့ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့နှလုံးသားထဲမှတဆင့် ကျေးဇူးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်။ ပရိသတ်တွေရဲ့ လှိုက်လဲတဲ့ အားပေးမှုတွေက တစ်ကြိမ်တစ်ခါတည်းတောင် မဟုတ်ပါဘူး။ သိပ်မကြာသေးခင်ကချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်စဉ်မှာလည်း ပရိသတ်တွေက ကျွန်တော့်တို့ကို တခဲနက်ဆက်အားပေးခဲ့ပါတယ်။ ကျွန်တော်အပြောချင်ဆုံးကတော့ ကျေးဇူးတင်ပါတယ်ဆိုတာပါပဲ။ ဒီအသင်းရဲ့တစိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကောင်းဆုံး အချိန်မှာရော၊ အဆိုးဆုံးအချိန်တွေမှာပါ အားပေးခဲ့မှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ပေးဆပ်မှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

ဟန်ဒါဆန်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လီဗာပူးအတွက် ၄၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ပေမယ့် ယာဂန်ကလော့ပ်ရဲ့ အသင်းဟာ ရာသီကုန်အဆင့်-၅ နေရာမှာပဲ ရပ်တည်နိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် LGBT အသိုင်းအဝန်းအတွက် အခွင့်အရေးတန်းတူညီမျှမှုရှိအောင် လှုံ့ဆော်တောင်းဆိုပေးခဲ့ဖူးတဲ့ ဟန်ဒါဆန်ဟာ လိင်တူချစ်သူတွေကို ဥပဒေနဲ့မညီဘူးလို့ သတ်မှတ်ထားတဲ့ ဆော်ဒီနိုင်ငံဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့မှုကြောင့် လတ်တလောမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #ဒင်းဟန်ဒါဆန်