ရှေ့သို့
Image

ချန်ပီယံလိဂ်ကစားခွင့်အတွက် ဂါလာတာစာရေးသို့ ပြောင်းရွှေ့လာတာဖြစ်ကြောင်း ဖွင့်ဟလာတဲ့ ဇာဟာ

12:00 PM, 26 July

မကြာသေးမီက ခရစ္စတယ်ပဲလေ့စ်မှ ဂါလာတာစာရေးသို့ ပြောင်းရွှေ့လာတဲ့ ဇာဟာက ချန်ပီယံလိဂ်မှာ မိမိကိုယ်ကိုစမ်းသပ်ဖို့အခွင့်အရေးဟာ ဂါလာတာစာရေးသို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခြင်းရဲ့ နောက်ကွယ်က အဓိကအချက်တစ်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။

ကစားသမားဘဝအချိန်အများစုကို ခရစ္စတယ်ပဲလေ့စ်မှာကုန်ဆုံးပြီး နေရာမျိုးစုံကစားခဲ့တဲ့ ဇာဟာဟာ ယခုအခါ ဂါလာတာစာရေးသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့ပြီး သုံးနှစ်စာချုပ် ချုပ်ဆိုကာ စိန်ခေါ်မှုအသစ်များအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

အသက်-၃၀ နှစ်အရွယ် ကစားသမားကို ဆော်ဒီကလပ်များသာမက ပီအက်စ်ဂျီ၊ နာပိုလီ၊ လာဇီယိုနဲ့ ဖီနာဘာချီအသင်းများက ခေါ်ယူရန်စိတ်ဝင်စားခဲ့ပါသေးတယ်။ ဒါပေမယ့်ကစားသမားဟာ ဂါလာတာစာရေးအသင်းကိုသာရွေးချယ်ခဲ့ပြီး နောက်ရာသီကိုစတင်ဖို့မျှော်လင့်နေပါပြီ။

ဇာဟာက Beanyman Sports သို့" ဒါက ချန်ပီယံလိဂ်မှာပါဝင်ဖို့ ကျွန်တော့်အတွက်ပထမဆုံးအခွင့်အရေးပါပဲ။ ကျွန်တော့်ရဲ့ရည်ရွယ်ချက်က အကောင်းဆုံးကြိုးစားပြီး အသင်းအတွက် တတ်နိုင်သလောက်ဆုဖလားတွေဆွတ်ခူးပေးနိုင်ဖို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။

အပြောင်းအရွှေ့မတိုင်မီမှာ ဇာဟာက ၂၀၁၃-၁၄ ရာသီမှာဂါလာတာစာရေးအတွက် ကစားဖူးခဲ့တဲ့ ချဲလ်ဆီးဂန္တဝင် ဒီဒီယာဒရော့ဘာနဲ့ ယခင်ကအသင်းဖော်ဟောင်းဖြစ်ခဲ့ပြီး ဂါလာတာစာရေးမှ ပီအက်စ်ဗွီသို့ အငှားနဲ့သွားရောက်ကစားနေတဲ့ ပက်ထရစ်ဗန်အန်ဟော့ထ်တို့ဆီမှ အကြံဉာဏ်များရယူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းက" ဒီမှာကစားဖူးတဲ့သူငယ်ချင်းတွေကိုမေးခဲ့တယ်။ ပက်ထရစ်ကိုမေးတယ်။ ဒရော့ဘာကိုမေးတယ်။ သူတို့ကတော့ ဒီနေရာကအံ့ဩစရာကောင်းတယ်လို့ပြောတယ်။ ‌ဒါကြောင့်ကိုယ်တိုင်ကြုံတွေ့ရဖို့မစောင့်နိုင်တော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

တူရကီသို့ရောက်ရှိချိန်မှာ ပရိသတ်များရဲ့နွေးထွေးစွာကြိုဆိုမှုကို ရရှိခဲ့ပြီးနောက် ဇာဟာက အသင်းအတွက် အကောင်းဆုံးကြိုးစားသွားမယ်လို့ကတိပြုခဲ့ပါတယ်။ ဇာဟာက" တကယ်အံ့ဩစရာကောင်းပါတယ်။ အဲ့လောက်ထိလူတွေအများကြီး ရှိလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ကျွန်တော့်ကို နွေးနွေးထွေးထွေးကြိုဆိုပေးကြလို့ အရမ်းပျော်ပါတယ်။ ပရိသတ်တွေကိုကျွန်တော်ပြောချင်တာကတော့ ဒီအသင်းအင်္ကျီဝတ်ထားတဲ့အချိန်တိုင်းမှာ အသင်းအတွက် ၁၀၀% ပေးဆပ်ပြီး ပရိသတ်တွေနဲ့အတူ လိဂ်ဖလားကိုဆွတ်ခူးနိုင်မယ်လို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဂါလာတာစာရေးဟာ ချန်ပီယံလိဂ်ဒုတိယအဆင့်ခြေစစ်ပွဲမှာ လစ်သူယေးနီးယားကလပ် ဇယ်ဂီရစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲအတွက်ပိုမိုနီးစပ်နိုင်မယ်လို့မျှော်လင့်နေပါတယ်။ ခရစ္စတယ်ပဲလေ့စ်က ဇာဟာကိုအသင်းမှာဆက်လက်ထိန်းသိမ်းရန် တစ်ပတ်လုပ်ခ ‌ပေါင် ၂ သိန်းအထိ ပေးပြီးကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဇာဟာဟာ ပဲလေ့စ်အတွက် စုစုပေါင်း ၄၅၈ ပွဲကစားခဲ့ပြီး ဂိုး ၉၀ သွင်းယူကာ ၇၆ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

#ဂါလာတာစာရေး #ဇာဟာ #အပြောင်းအရွှေ့