ရှေ့သို့
Image

ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့ ဂျပန်ဂိုးသမား ဇီယွန်ဆူဇူကီ

10:07 AM, 26 July

ဂျပန်ဂိုးသမား ဇီယွန်ဆူဇူကီက ပဲရစ်မြို့မှာ ကျင်းပမယ့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာပါဝင်နိုင်ရန် အချိန်ယူဖို့ လိုအပ်နေတာကြောင့် ယူနိုက်တက်ရဲ့ ပေါင် ၅ သန်းတန် ကမ်းလှမ်းမှုကိုငြင်းပယ်လိုက်ပါတယ်။

ယူနိုက်တက်ဟာ အန်ဒရေအိုနာနာကို ပေါင် ၄၇ သန်းနဲ့အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်သော်လည်း ဒင်းဟန်ဒါဆန်က နော်တင်ဟမ်ဖောရက်စ်သို့ရောက်ရှိနိုင်ချေရှိနေပြီး အသက် -၃၇ နှစ်အရွယ် တွမ်ဟီတန်ကိုလည်း လူတန်တောင်းက ကမ်းလှမ်းလာတာကြောင့်  ယူနိုက်တက်က ဂျပန်လူငယ်ဂိုးသမားကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ယူနိုက်တက် ကင်းထောက်အဖွဲ့က အသက် -၂၀ အတွက် ဂျေလိဂ်ကလပ်အူယာဝါအသင်းဂိုးသမား ဇီယွန်ဆူဇူကီကို ၂၀၁၇ ကတည်းက စောင့်ကြည့်နေခဲ့ပြီး အသင်းသို့ခေါ်ယူနိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း ဂျပန်နိုင်ငံထုတ် စပိုနီချီသတင်းစာအရသိရှိရပါတယ်။

ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုကြောင့် ကစားသမားအနေနဲ့ စိတ်လှုပ်ရှားနေပေမယ့် ယခုနွေရာသီမှာတော့ အပြောင်းအရွှေ့ဖြစ်လာမှာမဟုတ်ကြောင်းဆက်လက်ဖော်ပြထားပါတယ်။ ပဲရစ်အိုလံပစ်ပြိုင်ပွဲက ၁ နှစ်သာ လိုတော့တာကြောင့် ကစားသမားအနေနဲ့ ဂျပန်အသင်းနဲ့ကစားနိုင်ရန် အချိန်ပေးလုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ယူနိုက်တက်ကမူ ကစားသမားအတွက် ဂျေလိဂ်သမိုင်းတစ်လျှောက်ဈေးအကြီးဆုံးခေါ်ယူမှုဖြစ်လာမယ့် ပေါင် ၅ သန်းတန်ကမ်းလှမ်းမှုကို သဘောတူညီမှုရရှိမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဇီယွန်ဆူဇူကီဟာ ပြီးခဲ့တဲ့အပတ်က ဟောင်ကောင်နဲ့ပွဲစဉ်မှာ ဂျပန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ပါဝင်ခဲ့ပါတယ်။ ဆူဇူကီသာယူနိုက်တက်သို့ ပြောင်းရွှေ့လာပါက ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ဖီနာဘာချီနဲ့ တူရကီလက်ရွေးစင်ဂိုးသမား  အယ်လ်တေဘေရင်ဒါဟာ အသင်းအတွက် ဒုတိယ သို့မဟုတ် တတိယရွေးချယ်မှုပင်ဖြစ်လာနိုင်ပါတယ်။

ယူနိုက်တက်က အသက်-၂၅ နှစ်အရွယ် ဘေရင်ဒါကို ပေါင် ၅ သန်းနဲ့ခေါ်ယူရန်ဆုံးဖြတ်ထားသော်လည်း ကစားသမားက ပုံမှန်ပွဲထွက်ခွင့်အတွက် အေဂျက်စ်သို့သာ ပြောင်းရွှေ့ရန်စိတ်အားထက်သန်တယ်လို့ သိရှိရပါတယ်။ ဖီနာဘာချီအသင်းကလည်း ခရိုအေးရှားနံပါတ် ၁ ဂိုးသမား ဒိုမီနစ်လီဗာကိုဗစ် ကိုခေါ်ယူဖို့ဆွေးနွေးနေတာကြောင့် ဘေရင်ဒါကိုရောင်းချရန် အဆင်သင့်ရှိနေတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂျပန် #ပရီးမီးယားလိဂ် #ဇီယွန်ဆူဇူကီ